၀က်ဖို့ဒ်ကို စပါးက အိမ်ကွင်းမှာသရေပဲကစားနိုင်ခဲ့ပါတယ်။

ဒီနေ့ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးက အလွန်ဆိုရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အိမ်ကွင်းမှာ နယူးကာဆယ်ကို အနိုင်ရရှိသွားခဲ့ပြီး တော့တင်ဟမ်ကတော့ အိမ်ကွင်းမှာ အမှတ်ပေးဇယားအောက်ဆုံးက ဝက်ဖို့ဒ်ကို ခက်ခက်ခဲခဲကစားသွားခဲ့ရပြီး ကံကောင်းလို့သာ သရေတစ်မှတ်ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအနေနဲ့လည်း နယူးကာဆယ်ကို ခက်ခက်ခဲခဲကစားခဲ့ရသလို ပိုချက်တီနိုကတော့ ဆိုးရွားတဲ့ရလဒ်တွေနဲ့အတူ ဖိအားတွေအောက် ရောက်သထက်ရောက်သွားခဲ့ပါပြီ။

ချယ်လ်ဆီးက အိမ်ကွင်းမှာ နယူးကာဆယ်ကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း နယူးကာဆယ်ဂိုးသမားလက်စွမ်းပြနေခဲ့လို့ အနိုင်ဂိုးရဖို့ တော်တော်လေးအားထုတ်ခဲ့ရပါတယ်။ အပိုင်ဂိုးကန်သွင်းခွင့်တွေကို အေဘရာဟမ်ရရှိခဲ့ပေမယ့် အံ့အားသင့်ဖွယ်ရာလွဲချော်ခဲ့သလို နယူးကာဆယ်ဂိုးသမားဒူဘရာကာရဲ့ လက်စွမ်းကလည်း တော်တော်လေးကောင်းမွန်နေခဲ့ပါတယ်။

ချယ်လ်ဆီးအတွက် အနိုင်ဂိုးကို ၇၃ မိနစ်မှာ မားကို့စ်အလွန်ဆိုက အပြင်းကန်သွင်းပြီး သွင်းယူပေးခဲ့တာပါ။ ဒီပွဲကိုအနိုင်ရရှိခဲ့လို့ ချယ်လ်ဆီးက ရမှတ် ၁၇ မှတ်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်သွားခဲ့ပါတယ်။ လမ်းပတ်လက်ထက်မှာ ချယ်လ်ဆီးက တဖြည်းဖြည်းတည်ငြိမ်လာခဲ့ပြီး လူငယ်တွေကိုဦးစားပေးနေခဲ့တဲ့ အသင်းတစ်သင်းအနေအထားက အားရစရာအဖြစ်ရှိနေပြီဖြစ်ပါတယ်။


စပါးကတော့ အိမ်ကွင်းမှာ ခြေစွမ်းပိုင်းအရ အားရစရာမရှိခဲ့သလို တိုက်စစ်ပိုင်းကလည်း အခွင့်အရေးဖန်တီးနိုင်မှုနည်းပါးခဲ့ပါတယ်။ အဲရစ်ဆန်မပါဝင်ခဲ့လို့လည်း စပါးကွင်းလယ်ပိုင်းက ဖန်တီးပေးမယ့်သူ မရှိဖြစ်ခဲ့ပြီး တိုက်စစ်က အသက်မဲ့ခဲ့ပါတယ်။ ဒါကြောင့်လည်း ဝက်ဖို့ဒ်ကို အသာစီးရရှိဖို့ ခက်ခဲခဲ့ရပြီး သရေတစ်မှတ်ရဖို့ကိုတောင် တော်တော်လေးအားထုတ်ခဲ့ရပါတယ်။

ပွဲအစ ၆ မိနစ်ကတည်းက ဒူကူရီက ဝက်ဖို့ဒ်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ပွဲပြီးဖို့ ၄ မိနစ်အလိုမှာ အလီက ပြန်ချေပပေးခဲ့ရပါတယ်။ ပွဲပြီးခါနီးလေ စပါးက အနိုင်ဂိုးရဖို့ ဖိကစားလေဖြစ်ခဲ့ပြီး ဝက်ဖို့ဒ်ကလည်း အဝေးကွင်းမှာ သရေတစ်မှတ်ရဖို့ ခံစစ်ကို သေချာပိတ်ဆို့ကစားသွားခဲ့ပါတယ်။ ပိုချက်တီနိုအတွက်တော့ ဒီပွဲကို အနိုင်မရခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့ရပြီး လာမယ့်ပွဲစဉ်တွေမှာ နိုင်ပွဲပြန်ရှာရတော့မှာဖြစ်ပါတ်ယ။



က္က