ရွှေရောင်မျိုးဆက်တွေခြေရာမနင်းနိုင်ဘူးလို့ ယုံကြည်နေတာပါ။

အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိ လူငယ်ကြယ်ပွင့်တွေဟာ အသင်းရဲ့ ၉၂ ရွှေရောင်မျိုးဆက်ရဲ့အောင်မြင်မှုနဲ့ ထပ်တူကျအောင် လုပ်နိုင်စွမ်းမရှိမှာကို ကြောက်ရွံ့နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ရိုင်ယန်ဂစ်၊ ဒေးဗစ်ဘက်ခမ်း၊ ပေါလ်စခိုးတို့လို ကစားသမားတွေဟာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ကစားသမားတွေဖြစ်ပြီး ပရီးမီးယားလိဂ်ကို ဆယ်စုနှစ်တစ်ခုကြာ လွှမ်းမိုးနိုင်ခဲ့တဲ့ နည်းပြဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားက လူကာကူနဲ့ အလက်ဆစ်ဆန်းချက်ဇ်တို့လို ကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပြီး ၎င်းတို့ရဲ့နေရာမှာ လူငယ်ကြယ်ပွင့်တွေကို ယုံကြည်စွာနဲ့ အသင်းမှာ နေရာပေးထားတာဖြစ်ပါတယ်။

ယခုနွေရာသီမှာ ဆွမ်ဆီးစီးတီးအသင်းကနေ ခေါ်ယူထားတဲ့ ဝေးလ်ကြယ်ပွင့် ဒန်နီရယ်ဂျိမ်းစ်ဟာ ယူနိုက်တက်ကစားသမားဘဝအစ ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူပြီး အကောင်းဆုံး အစပြုနိုင်ခဲ့သလို ပဲလေ့စ်က ခေါ်ယူထားတဲ့ ဝမ်ဘစ်စကာကလည်း အထင်ကြီးဖွယ်ခြေစွမ်း ပြသနေတာဖြစ်ပါတယ်

မက်တွန်မ်နေး၊ မေဆင်ဂရင်းဝုဒ်၊ အိန်ဂျယ်ဂိုးမက်စ်တို့အားလုံးဟာလည်း အထင်ကြီးဖွယ်ခြေစွမ်းပြသဖို့အတွက် နောက်ထပ်အခွင့်အရေးတွေ ရရှိဖွယ်ရှိနေပေမယ့် လေးပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားတဲ့အတွက် နည်းပြဆိုးလ်ရှားဟာ ဖိအားဒဏ်တွေ ခံစားနေရပြီဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးက မျှော်မှန်းချက်တွေရဲ့အလေးချိန်က မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်ကစားသမားတွေအပေါ်ကို ထိခိုက်စေနိုင်တဲ့အကျိုးသက်ရောက်မှုရှိလာမှာကို ကြောက်ရွံ့နေတာဖြစ်ပါတယ်။

“ခင်ဗျား မန်ချက်စတာယူနိုက်တက်ကို မြင်တဲ့အခါမှာ အလားအလာတွေရှိတဲ့ ဥပမာတွေထဲက တစ်ခုဖြစ်တယ်လို့ မြင်မှာပါ”



“ဒါပေမယ့် သူတို့ စုစည်းတဲ့နည်းလမ်းကို ရှာမတွေ့ခဲ့ပါဘူး။ ဒီကစားသမားတွေက မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးကို အတူတကွ အသင်းလိုက်ကစားပြီး သယ်ဆောင်ပေးဖို့အတွက် လုံလောက်တဲ့ရင့်ကျက်မှုမရှိတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”

“ဒါက အခုအချိန်မှာ ကြီးမားတဲ့မေးခွန်းထုတ်စရာဖြစ်နေပါပြီ။ ခင်ဗျား အဲဒီကနေ တစ်ခုခု ထွက်ပေါ်လာလိမ့်မယ်လို့ ခံစားရမှာပါ။ ဒါပေမယ့် အဲဒါက အဆင်သင့်မဖြစ်သေးပါဘူး”

“သူတို့ကစားတာကို ခင်ဗျား ကြည့်တဲ့အခါမှာ သူတို့က ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ ချန်ပီယံအလောင်းအလျာတွေမဖြစ်နေဘူး။ အဲဒါကြောင့် ကျွန်တော် ခင်ဗျားကို ပြောနေတာ”

“သူတို့တွေက ဂစ်၊ စခိုး၊ ဘက်ခမ်းတို့နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ဟာတွေအတိုင်း အတုယူပြီး လိုက်လုပ်နိုင်မှာလား။ ကျွန်တော့်တစ်ယောက်တည်းအမြင်အရတော့ အယုံအကြည်မရှိပါဘူး”လို့ beIN SPORTS ကို ပြောကြားခဲ့ပါတယ်။



က္က