ပရီးမီးယားလိဂ်ဆုဖလားအတွက် မန်စိးတီးနဲ့ လီဗာပူးလ်တို့ အပြိုင်အဆိုင်ဖြစ်နေချိန်မှာ မန်စီးတီးက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာဒါဘီပွဲကို သွားရောက်ကစားရတော့မှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာက သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ဆုဖလားအတွက် မန်စီးတီးနဲ့ လီဗာပူးလ်တို့ အပြိုင်အဆိုင်ဖြစ်နေချိန်မှာ မန်စီးတီးက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာဒါဘီပွဲကို သွားရောက်ကစားမှာပါ။
ဗုဒ္ဓဟူးနေ့မှာ ကစားသွားမှာဖြစ်ပြီး အဆိုပါပွဲမှာ မန်စီးတီးသာ အရေးနိမ့်ခဲ့ပါက လီဗာပူးလ်နဲ့ ပွဲအရေအတွက်တူညီသွားကာ ရမှတ် (၂)မှတ်အထိ လီဗာပူးလ်က အသာစီးရရှိသွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မီလ်နာက မန်ချက်စတာယူနိုက်တက်ကို ပထမဆုံးအကြိမ် အားပေးမယ်လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါပွဲကိုတော့ သူ ကြည့်ရှုမှာမဟုတ်ဘူးလို့လည်း မီလ်နာက ပြောခဲ့ပါတယ်။
"ယူနိုက်တက်ကို အားပေးရမှာ ကျွန်တော့်ဘဝမှာ ဒါ ပထမဆုံးအကြိမ်ပါပဲ၊ ဒါပေမယ့် ကျွန်တော် အဲဒီပွဲကိုတော့ ကြည့်မှာမဟုတ်ပါဘူး၊ ဒါက ကျွန်တော့်ရဲ့ စွမ်းအင်တွေကို အနည်းငယ်ဖြုန်းတီးပစ်ရာလည်း ရောက်မှာပါ၊ ဒီပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်လုပ်နိုင်တာလည်း ဘာမှမရှိပါဘူး၊ ပွဲမစခင်အချိန်အနည်းငယ်အလို နဲ့ ပွဲအပြီးမှာတော့ ပွဲရလဒ်ကြည့်ဖို့ ဖုန်းပွတ်တာတော့ ဖြစ်နိုင်ပါတယ်"
"ဘာလုပ်သွားမလဲဆိုတာမျိုးလည်း မစဉ်းစားထားပါဘူး၊ အစားအသောက်တစ်ခုခုစားဖို့တော့ အပြင်ကို သွားဖြစ်မယ်ထင်ပါတယ်" လို့ ဂျိမ်းစ်မီလ်နာက ပြောခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။ မီလ်နာကတော့ မန်စီးတီးကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ဒီရာသီမှာ
လီဗာပူးလ်အသင်း ဆုဖလားဆွတ်ခူးနိုင်ဖို့ အသင်းဟောင်းနဲ့ ပြန်လည်ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။
လီဗာပူးလ်ကတော့ ဟတ်ဒါဖီးလ်တောင်း၊ နယူးကာဆယ်ယူနိုက်တက်၊ ဝုလ်ဗ်တို့နဲ့ ကစားဖို့ (၃)ပွဲကျန်ရှိသေးပြီး မန်စီးတီးကတော့ မန်ချက်စတာဒါဘီပွဲအပြင် ဘန်လေ၊ လက်စတာ၊ ဘရိုက်တန်တို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်တော့ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ်ကြည့်ရှုရဖွယ်လည်း ရှိနေပါတယ်။