ယနေ့ညမှာ အက်စတာနာနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မာတာက ယခုအပတ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ နည်းပြဆိုးလ်ရှားအနေနဲ့ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးခဲ့မယ်ဆိုရင် အားလုံးအဆင်သင့်ဖြစ်နေကြပြီဖြစ်တယ်လို့ ထောက်ခံပြောကြားခဲ့ကြောင်း ESPN ရဲ့သတင်းအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ညမှာ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကာဇက်စတန်လိဂ်အသင်းတစ်သင်းဖြစ်တဲ့ အက်စတာနာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လူငယ်ကစားသမားတွေအများအပြား ပွဲထွက်ခွင့်ရရှိလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက မေဆင်ဂရင်းဝုဒ်၊ တာဟစ်ချောင်၊ အိန်ဂျယ်ဂိုးမက်စ်၊ ဂျိမ်းစ်ဂါနာတို့အပါအဝင် လူငယ်ကြယ်ပွင့်တွေကို အတွေ့အကြုံရရှိအောင် ယူရိုပါလိဂ်ပြိုင်ပွဲမှာ အသုံးပြုသွားဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားထားတာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ကြယ်ပွင့် မာတာက အသင်းရဲ့ လူငယ်ကစားသမားတွေဟာ နောက်တဆင့် တက်ရောက်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် သူတို့ကို အရမ်းနှစ်သက်ပါတယ်။ သူတို့အားလုံးထဲက တစ်ယောက်ချင်းစီရဲ့အကြောင်းကို ကျွန်တော် ပြောနိုင်ပါတယ်”



“ဂိုးမက်စ်က အရမ်းပါရမီရှိတဲ့သူပါ။ အမြင်၊ ဆုံးဖြတ်ချက်ချပုံ၊ ခြေသွက်တာတွေက သူ့ကို ခင်ဗျား တကယ့်ဘောလုံးသမားအစစ်လိုမျိုး မြင်နိုင်ပါတယ်”

“ချောင်ကတော့ တောင်ပံကစားသမားစစ်စစ်ပါ။ တစ်ယောက်ချင်းမှာ အရမ်းလျင်မြန်ပြီး အရမ်းကောင်းတဲ့ဘယ်ခြေနဲ့ ကောင်းမွန်တဲ့ကန်သွင်းမှုတွေ ပြုလုပ်နိုင်သူပါ”

“မေဆင်က ခြေထောက် ၂ ဖက်စလုံးအသုံးပြုနိုင်တဲ့ အရမ်းကောင်းတဲ့အဆုံးသတ်ဂိုးသွင်းသူပါ။ ခင်ဗျား သူက ဘယ်သန်လား၊ ညာသန်လားဆိုတာ သေချာကို မပြောနိုင်ပါဘူး။ တိုက်စစ်မှူးတစ်ယောက်အတွက် အရမ်းကောင်းမွန်တဲ့အရည်အသွေးပေါ့”

“သူတို့အားလုံးက ကျွန်တော်နဲ့အတူ လေ့ကျင့်ရေးဆင်းခဲ့ကြတာ တော်တော်ကြာခဲ့ပါပြီ။ သူတို့ ရာသီကြိုမှာ အများကြီး တိုးတက်လာခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။



က္က