အာဆင်နယ်ကြယ်ပွင့် အူဘာမီယန်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်ဆီးအသင်းကို ရှောင်လွှဲလိုကြောင်းပြောကြားခဲ့ပြီး ဖရန့်ဖတ်အသင်းနဲ့သာ တွေ့ဆုံလိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းက ဗလင်စီယာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချယ်ဆီးအသင်းကလည်း ဂျာမနီမှာ အရေးပါတဲ့အဝေးဂိုးကို ရယူနိုင်ခဲ့တာဖြစ်တာကြောင့် ချယ်ဆီးနဲ့ အာဆင်နယ်တို့ဟာ ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။
ယခုရာသီအစောပိုင်းတုန်းက နည်းပြအမ်မရီရဲ့ ၂ ပွဲမြောက်ကိုင်တွယ်ခဲ့တဲ့ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ချယ်ဆီးအသင်းအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ရှုံှုးနိမ့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဇန်နဝါရီလက အမ်းမရိတ်မှာ သက်တောင့်သက်သာနဲ့ ပြန်အနိုင်ရခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကြယ်ပွင့် အူဘာမီယန်းက ချယ်ဆီးအသင်းနဲ့ ယခုရာသီ တတိယအကြိမ်မြောက် ထပ်မံတွေ့ဆုံဖို့ အလားအလာရှိနေချိန်မှာ ၎င်းအနေနဲ့ ချယ်ဆီးအသင်းနဲ့ တွေ့ဆုံလိုတဲ့ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖရန့်ဖတ်အသင်းက ပိုမိုလွယ်ကူတဲ့ပြိုင်ဘက်လို့ ထင်မြင်နေတာဖြစ်တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
“သူတို့နဲ့ ကျွန်တော် မတွေ့ချင်ပါဘူး”
“သူတို့က အရမ်းကောင်းတဲ့အသင်းဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပထမဆုံး ကျွန်တော်တို့ ဗိုလ်လုပွဲကို တက်ရောက်ဖို့ မျှော်လင့်မိပါတယ်။ ဗိုလ်လုပွဲရောက်ပြီဆိုရင်တော့ ကျွန်တော် ဖရန့်ဖတ်နဲ့ ပိုပြီး ကစားချင်ပါတယ်။ ကျွန်တော်တို့ ချယ်ဆီးအသင်းနဲ့ ကစားခဲ့ပြီးပြီမို့လို့ပါ”
“ဖရန့်ဖတ်ကလည်း ကောင်းမွန်တဲ့အသင်းဆိုတာ သိပါတယ်။ တကယ်လို့ ကျွန်တော်တို့ ၂ သင်းစလုံးသာ ဗိုလ်လုပွဲတက်ခဲ့မယ်ဆိုရင် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။