ချယ်ဆီးအသင်းတိုက်စစ်မှူး ဂီရော့ဒ်ဟာ ယမန်နေ့ညနေက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ယူရိုပါလိဂ်ဖလားနဲ့ အောင်ပွဲခံရင်း ကျေးဇူးတင်ပါတယ် အာဆင်နယ်လို့ ပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂီရော့ဒ်ဟာ ဒုတိယပိုင်းအစောပိုင်းမှာ ၎င်းရဲ့အသင်းဟောင်း အာဆင်နယ်ကို ခေါင်းတိုက်သွင်းဂိုးနဲ့ အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းအတွက် နောက်ထပ်သွင်းဂိုးတွေကို ပက်ဒရိုနဲ့ ဟာဇက်က တစ်ဦးတည်း ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို အိုင်ဝိုဘီက အဝေးကန်သွင်းချက်နဲ့ သွင်းယူပေးခဲ့ပြီး နောက်ထပ် ချေပဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ချယ်ဆီးအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂီရော့ဒ်ဟာ ပွဲအပြီး အသင်းဘတ်စ်ကားပေါ်မှာ ၎င်းရဲ့အသင်းဟောင်း အာဆင်နယ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ယူရိုပါလိဂ်ဖလားနဲ့အတူ အောင်ပွဲခံနေတာကို တွေ့ခဲ့ရပါတယ်။
ဂျော်ဂျင်ဟိုက အင်စတာဂရမ်မှာ Live လွှင့်နေတဲ့ဗီဒီယိုတင်ခဲ့ပြီး ယင်းဗီဒီယိုထဲမှာ ဂီရော့ဒ်ကို ယူရိုပါလိဂ်ဖလား ပိုက်ထားတာကို မြင်တွေ့ခဲ့ရပြီး ‘ကျေးဇူးတင်ပါတယ် အာဆင်နယ်’လို့ အော်ဟစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
ဂီရော့ဒ်ရဲ့အပြုအမူနဲ့ပတ်သက်ပြီး အချို့ကလည်း ပရီးမီးယားလိဂ်ကို ရောက်ရှိအောင် ခေါ်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တာလို့ ယူဆကြသလို အချို့ကလည်း အသင်းဟောင်း အာဆင်နယ်ကို သရော်ခဲ့တာလို့ ယူဆနေကြပါတယ်။