ယာယီနည်းပြလက်ထက် ၂ ပွဲမှာ တစ်ပွဲနိုင် တစ်ပွဲသရေ ကျထားပါတယ်။
Kyaw Ko Ko Sint

ယာယီနည်းပြ လက်ထက်မှာ ချဲလ်ဆီးကို အနိုင်၊ယူနိုက်တက်ကို သရေ ကစားထားပြီး အသင်းကို အကောင်းဆုံး တာဝန်ယူပေးထားနိုင်သူပါ။

အဲဗာတန်အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူနေတဲ့ ဒူကန် ဖာဂူဆန်ကတော့ သူ့အနေနဲ့ လာမယ့် လက်စတာအသင်းနဲ့ ကစားရမယ့် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲကိုလည်း ဆက်လက်တာဝန်ယူခွင့်ရဖို့ မျှော်လင့်နေတယ်လို့ ပြောလာခဲ့တဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။





ဖာဂူဆန်လက်ထက်မှာတော့ အဲဗာတန်အသင်းဟာ ချဲလ်ဆီးကို ၃-၁ ဂိုးနဲ့ နိုင်သလို မနေ့က ယူနိုက်တက်ကိုလည်း အိုးထရက်ဖို့ဒ်မှာ ဦးဆောင်ဂိုးအရင်ရယူပြီးမှ သရေ ကစားနိုင်ခဲ့တာပါ။

“ ကျွန်တော့်အတွက် ဗုဒ္ဓဟူးနေ့မတိုင်မီ အပြောင်းအလဲတစ်ခုခု အမြန်ဆုံးဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ လက်စတာနဲ့ပွဲအထိတော့ ယာယီတာဝန်ယူခွင့်ရချင်နေတာပါ။ တာဝန်ယူခွင့်ရမယ်လို့လည်း မျှော်လင့်နေပါတယ်။” လို့ ဖာဂူဆန်က ပြောခဲ့ပါတယ်။

အဲဗာတန်အသင်းကတော့ ယခင်နည်းပြ မာကိုဆေးလ်ဗားကို ၃ ပွဲဆက် အရေးနိမ့်ခဲ့ပြီးနောက် ထုတ်ပယ်ခဲ့ကာ ၂၀၁၄ ခုနှစ်က စတင်ပြီး နည်းပြစာရင်းထဲမှာ ပါဝင်လှုပ်ရှားနေတဲ့ တိုက်စစ်မှူးဟောင်း ဖာဂူဆန်ကို ယာယီနည်းပြ အဖြစ် တာဝန်ပေးထားတာပါ။

အဲဗာတန်အသင်းအနေနဲ့ ယခင်နည်းပြ မာကိုဆေးလ်ဗားလက်ထက်က ရလဒ်တွေ ဆိုးရွားနေမှုကြောင့် ရမှတ် ၁၈ မှတ်နဲ့အတူ အဆင့် ၁၆ နေရာထိ ဆင်းသက်နေရတာပါ။

လက်ရှိမှာတော့ ဖာဂူဆန်လက်ထက် ၂ ပွဲ ကစားပြီးချိန် ၄ မှတ်ပြန်လည်ရရှိလာတာကြောင့် တန်းဆင်းဇုန်ထဲက ဆောက်သမ်တန်ကို ၃ မှတ်၊နောဝှစ်ကို ၆ မှတ် အမှတ်ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က