ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့သွားတာပါ။
Pyae Phyo Thein

 ဟာရဲရားကတော့ ယူနိုက်တက်မှာ ၅ နှစ်ကြာကစားပေးခဲ့ပြီးနောက် ပီအက်စ်ဂျီကို ဒီရာသီအစက အလွတ်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကနေ သူ မထွက်ခွာချင်ခဲ့ဘူးလို့ ယူနိုက်တက်ကွင်းလယ်လူဟောင်းအန်ဒါဟာရဲရားက ပြောဆိုခဲ့ပြီး ဘုတ်အဖွဲ့နဲ့ သဘောထားချင်းမတိုက်ဆိုင်တာကြောင့် ထွက်ခွာခဲ့ရတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ဟာရဲရားကတော့ ယူနိုက်တက်မှာ ၅ နှစ်ကြာကစားပေးခဲ့ပြီးနောက် ပီအက်စ်ဂျီကို ဒီရာသီအစက အလွတ်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

စပိန်ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်အတွက် ၁၈၉ ပွဲကစားပေးခဲ့ပြီး ဂိုး ၂၀ သွင်းယူနိုင်ခဲ့ကာ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကနေ သူထွက်ခွာခဲ့ရတဲ့အကြောင်းကို ESPN နဲ့ တွေ့ဆုံခဲ့မှုမှာ ဟာရဲရားက ပြန်ပြောင်းပြပြောဆိုခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ယူနိုက်တက်မှာပဲ ဆက်ကစားချင်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

"ပြီးခဲ့တဲ့တစ်နှစ်ကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော် ယူနို်က်တက်က မထွက်ခွာချင်ခဲ့ပါဘူး၊ ဘုတ်အဖွဲ့နဲ့ အမြင်မတူမှုတွေရှိခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ကို ကျွန်တော်လေးစားပါတယ်၊ အများကြီးလေးစားပါတယ်၊ ယူနိုက်တက်အတွက် သူတို့လုပ်ပေးခဲ့တာပါ၊ သူတို့ ဘာမှမလုပ်ဘူးလို့ ပြောနေတာတွေကို ကျွန်တော်သဘောမတူပါဘူး"

"မန်ချက်စတာယူနိုက်တက်အသင်း အရင်လိုပြန်ဖြစ်လာဖို့ သူတို့တကယ်ကိုတိုက်ပွဲဝင်နေကြတာပါ၊ တချို့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး သူတို့နဲ့ ကျွန်တော်သဘောထားချင်းမတိုက်ဆိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ဘောလုံးမှာ ဒါက ဖြစ်နေကျပါပဲ၊ အဖွဲ့အစည်းတိုင်းမှာ ဒါကဖြစ်နေတာပါပဲ၊ ဝုဒ်ဝက်ဒ်နဲ့ ကျွန်တော့်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်" လို့ ဟာရဲရားက ပြောခဲ့ပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူးဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဟာရဲရားက အခုလိုမျိုးပုံစံနဲ့ ဆုဖလားရရှိခဲ့တဲ့အပေါ်မှာ အောင်ပွဲမခံချင်ဘူးလို့လည်း ပြောသွားခဲ့ပါတယ်။ "ကျွန်တော်အောင်ပွဲမခံချင်ဘူး၊ ကျွန်တော်က ဘောလုံးကစားပြီးမှပဲ ဆုဖလားတွေရယူချင်တာပါ၊ ဆုဖလားတွေ တိုးလာတာမှန်ပေမယ့် မတူညီပါဘူး၊ ကျွန်တော်တို့ပရိသတ်တွေ၊ အသင်းဖော်တွေနဲ့ပဲ အောင်ပွဲခံချင်တာပါ" လို့ ထပ်ပြောသွားခဲ့ပါတယ်။ 


က္က