ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းကနေ ထွက်ခွာလိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကို စွန့်ခွာဖို့ စဉ်းစားနေတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကနေ ထွက်ခွာလိုကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၁၈၀ ကို လျှော့မပေးခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိသေးပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိပေမယ့် ပေါ့ဂ်ဘာကို စာချုပ်သက်တမ်းတိုးလိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ The Sun ရဲ့သတင်းအရ ပေါ့ဂ်ဘာဟာ နည်းပြဆိုးလ်ရှား လက်အောက်မှာ စိတ်အားထက်သန်မှုပျောက်ဆုံးနေပြီး အသင်းက နောက်ပြန်သွားနေတယ်လို့ ခံစားနေရကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီသစ်အစမှာ ရလဒ်ကောင်းတွေ ရရှိဖို့အတွက် ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲကစားပြီးချိန်မှာ ၂ ပွဲသာ အနိုင်ရရှိထားသေးတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာက မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုလိုတဲ့ဆန္ဒမရှိဘူးလို့ သိရပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့ တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ယခုရာသီအစောပိုင်းမှာ နည်းပြဆိုးလ်ရှားက ဝုဗ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီ ဘယ်သူကန်သင့်လဲဆိုတာ အငြင်းပွားခဲ့တဲ့ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ဒေါသထွက်ခဲ့ပြီး ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညနေက ရော့ချ်ဒေးလ်နဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာသက်သာပြီးနောက် ပထမဆုံးပြန်လည်ပါဝင်ကစားပေးခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းယူခဲ့တဲ့ ၅ ဦးထဲမှာ ထည့်သွင်းခြင်းမခံခဲ့ရတာဖြစ်ပါတယ်။



က္က