ကွင်းအတွင်းမှာ ကြီးမားတဲ့ တီဗီတွေတပ်ဆင်သွားရမှာပါ။
Pyae Phyo Thein

ဒိန်းမတ်ကလပ် AGF Aarhus အသင်းက ဖန်တီးခဲ့တဲ့နည်းလမ်းကို နမူနာယူကာ ကွင်းအတွင်းမှာ ကြီးမားတဲ့မျက်နှာပြင်ရှိတဲ့ တီဗီတွေကို တပ်ဆင်သွားကာ နေအိမ်ကနေ အားပေးနေတဲ့ ပရိသတ်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးသွားဖို့ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဘောလုံးပွဲတွေပြန်လည်စတင်ချိန်မှာ ပရိသတ်တွေကို ကွင်းအတွင်းခေါ်ဆောင်လာနိုင်စေမယ့် အကောင်းဆုံးနည်းလမ်းတွေကို စဉ်းစားနေပါတယ်။ ဒီလိုစဉ်းစားနေခဲ့ရမှာတော့ အခုအခါမှာ ကွင်းထဲကို ပရိသတ်တွေ လာရောက်ကြည့်ရှုနေသလို ခံစားနေစေရမယ့် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒိန်းမတ်ကလပ် AGF Aarhus အသင်းက ဖန်တီးခဲ့တဲ့နည်းလမ်းကို နမူနာယူကာ ကွင်းအတွင်းမှာ ကြီးမားတဲ့မျက်နှာပြင်ရှိတဲ့ တီဗီတွေကို တပ်ဆင်သွားကာ နေအိမ်ကနေ အားပေးနေတဲ့ ပရိသတ်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးသွားဖို့ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ နေအိမ်ကနေ နှစ်သက်သလိုအားပေးနေမှုတွေကို ဖန်သားပြင်ကတဆင့် ကစားသမားတွေက မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ 

AGF အသင်းကတော့ မီတာ ၄၀ ရှိတဲ့ မျက်နှာပြင်တီဗီတွေကို ကွင်းအတွင်းမှာ တပ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ဒီအတွက်တော့ ကြော်ငြာဆိုင်းဘုတ်တွေနဲ့ ကင်မရာတွေကို ပိတ်ဆို့သလိုဖြစ်နေမှာဖြစ်ပြီး အဆိုပါအားနည်းချက်ကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကိုတော့ ရှာဖွေရဦးမှာဖြစ်ကာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ်တချို့က ဒိန်းမတ်ကလပ်နဲ့ ဆက်သွယ်ကာ လမ်းညွှန်မှုတွေရယူနေတယ်လို့ Standard က ဖော်ပြခဲ့ပါတယ်။ 

ဖန်သားပြင်ပေါ်မှာတော့ ပရိသတ်တွေကို ဖော်ပြပေးဖို့အတွက် Video Conferencing Platform တစ်ခုဖြစ်တဲ့ Zoom ကို အသုံးပြုသွားရမှာဖြစ်ပါတယ်။ ဒီအတွက် ပရိသတ်တွေအနေနဲ့လည်း ဘောလုံးပွဲတွေမှာ တစ်စိတ်တစ်ပိုင်းပါဝင်ပတ်သက်နိုင်မှာဖြစ်ပြီး ကစားသမားတွေအတွက်တော့ အမြင်အာရုံအနှောင့်အယှက်ဖြစ်၊မဖြစ်ကို စဉ်းစားနေတယ်လို့ သိရပါတယ်။ 

ပရီးမီးယားလိဂ်ပွဲတွေကိုတော့ နောက်တစ်ပတ်ထဲမှာ ကျင်းပသွားတော့မှာဖြစ်ပြီး ကွင်းပိတ်ကစားသွားမှာဖြစ်ကာ ကွင်းအတွင်း လူဦးရေအနည်းဆုံးဝင်ရောက်ဖို့ကို ကန့်သတ်ထားပါတယ်။ မီဒီယာတွေကိုလည်း အနည်းငယ်သာ ဝင်ရောက်ခွင့်ပြုထားပြီးတော့ ကစားသမားတွေအနေနဲ့ ပရိသတ်တွေလာရောက်အားပေးနေသလို ခံစားနေရစေဖို့ နည်းလမ်းတွေရှာဖွေနေတာပဲဖြစ်ပါတယ်။ 


Author


က္က