ဥရောပအခြေစိုက် Dota 2 အသင်း Alliance ဟာ DreamLeague Season12 ပြိုင်ပွဲကို ထင်မှတ်မထားဘဲ အနိုင်ရရှိခဲ့ပါတယ်။

  Fata ဦးဆောင်တဲ့ Alliance အသင်းကတော့ ဖွဲ့စည်းတာသိပ်မကြာသေးပေမယ့် သူတို့ရဲ့ ပထမဦးဆုံးဆုဖလားကို ပိုင်ဆိုင်လို့သွားခဲ့ပါပြီ။


အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့မှာကျင်းပခဲ့တဲ့ DreamLeague Season 12 မှာ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၁ သိန်းကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။



         ဒီပြိုင်ပွဲဟာ နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို ပြိုင်ပွဲဝင်အသင်း ၆ သင်းသာပါဝင်တဲ့ ခပ်သေးသေးပြိုင်ပွဲပါ။ Valve က တရားဝင်ကျင်းပပေးတဲ့ DPC ပြိုင်ပွဲမဟုတ်ပေမယ့် ဆုကြေးက ဒေါ်လာ ၂၅၀၀၀၀ ဖြစ်တာကြောင့် Minor ပြိုင်ပွဲတစ်ခုစာနီးပါးရှိတယ်လို့ဆိုရမှာပါ။ ဆုကြေးငွေခွဲဝေမှုအရ ပထမဆု ဒေါ်လာ ၁သိန်း၊ ဒုတိယဆု ဒေါ်လာ ၆ သောင်း၊ တတိယဆု ဒေါ်လာ ၄သောင်း၊ စတုတ္ထဆု ဒေါ်လာ ၂၅၀၀၀၊ ပဉ္စမဆုနဲ့ ဆဌမဆုတို့အတွက် ဒေါ်လာ ၁၂၅၀၀ ဆိုပြီး အသီးသီးချီးမြှင့်ခဲ့ပါတယ်။


         ပါဝင်တဲ့အသင်း ၆ သင်းမှာ ၄ သင်းက တိုက်ရိုက်ဖိတ်ခေါ်ခြင်းခံရတာဖြစ်ပြီး ကျန် ၂ သင်းကတော့ လက်ရည်စစ်ပွဲကနေတစ်ဆင့် တက်ရောက်လာတဲ့အသင်းတွေပဲဖြစ်ပါတယ်။ တိုက်ရိုက်ဖိတ်ခေါ်ခံရတဲ့ ၄ သင်းကတော့ Ninja In Pyjamas, J.Storm, Alliance နဲ့ Team Liquid တို့ဖြစ်ပြီး ဥရောပလက်ရည်စစ်ပွဲကနေ Fly To Moon အသင်းကလည်းကောင်း၊ မြောက်အမေရိကလက်ရည်စစ်ပွဲကနေ Demon Slayers အသင်းကလည်းကောင်း အသီးသီးတက်ရောက်နိုင်ခဲ့ပါတယ်။ ဒီထဲမှာတော့ အသင်းသစ် Demon Slayers က တော်တော်လေးလက်စွမ်းပြခဲ့ပြီး အုပ်စုအဆင့်မှာ တစ်ပွဲမှမနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲအထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

         ဗိုလ်လုပွဲမှာတော့ Alliance နဲ့ မြောက်အမေရိကအသင်းသစ် Demon Slayers တို့တွေ့ဆုံခဲ့ပါတယ်။ Demon Slayer အသင်းဟာ မြောက်အမေရိကဒေသတွင်းက Tier 3 ကစားသမားတွေနဲ့ဖွဲ့စည်းထားတာကြောင့် ဒီအခြေအနေအထိ ရောက်လာလိမ့်မယ်လို့ ဘယ်သူကမှထင်မထားခဲ့ကြပါဘူး။ ဗိုလ်လုပွဲမှာလည်း Alliance ကို ပထမ ၂ ပွဲဆက်တိုက် အနိုင်ယူထားနိုင်ခဲ့ပြီးမှ ၃ ပွဲဆက်ပြန်ရှုံးခဲ့တာကြောင့် ချန်ပီယံဆုကိုလက်လွှတ်ခဲ့ရတာပါ။ Alliance ကတော့ ဗိုလ်လုပွဲမှာ BO5 ကစားခဲ့ပြီး ၃-၂ ရလဒ်နဲ့ ချန်ပီယံဖြစ်ခဲ့ပြီး Nikobaby ကတော့ ပွဲစဉ်တစ်လျှောက်လုံးရဲ့ MVP ဆုကိုရရှိခဲ့ပါတယ်။

         Alliance အသင်းဟာ DreamLeague ချန်ပီယံဖြစ်ခဲ့ပေမယ့် မနားရသေးဘဲ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ကျင်းပမယ့် ESL One ပြိုင်ပွဲအတွက် ဂျာမဏီနိုင်ငံ ဟမ်းဘက်မြို့ကို ခရီးဆက်နေပြီပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲပြီးရင်လည်း တရုတ်နိုင်ငံမှာ ကျင်းပမယ့် MDL Chengdu Major ကိုဆက်လက်ခရီးဆက်ရဦးမှာဖြစ်တဲ့အတွက် Alliance အတွက်ပွဲကြပ်ကာလလို့ဆိုရမှာပါ။ ဒီလိုအခြေအနေမျိုးမှာရော ဘယ်လောက်အတိုင်းအတာအထိ တွန်းကန်သွားနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ



က္က