Epic Games နဲ့ PlayVS တို့ဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ အထက်တန်းကျောင်းတွေနဲ့ ကောလိပ်တွေအတွက် လာမယ့်ဖေဖော်ဝါရီလက စတင်ပြီး Fortnite Leauge ကို ကျင်းပပေးသွားတော့မှာဖြစ်ပါတယ်။
Epic Games ဟာ Fortnite ဂိမ်းရဲ့မိခင်ကုမ္ပဏီဖြစ်ပြီး PlayVS ကတော့ အမေရိကန်နိုင်ငံတွင်းက အထက်တန်းကျောင်းတွေအတွက် Esports League တွေကို ဦးစီးပြီးကျင်းပပေးနေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။
PlayVS ဟာ အထက်တန်းကျောင်းတွေအတွက် League of Legends, Rocket League နဲ့ SMITE ဂိမ်းပြိုင်ပွဲတွေပြုလုပ်ပေးခဲ့ကာ ယခုတစ်ခါမှာတော့ Fortnite လည်းပါဝင်လာပြီဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုလို အထက်တန်းကျောင်းတွေမှာ Esports ပြိုင်ပွဲတွေကို ကျင်းပနိုင်ဖို့ National Federation of High School Association (NFHS), Southern Section of California Interscholastic Federation (CIFSS) တို့လိုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားတယ်လို့သိရပါတယ်။
လက်ရှိအချိန်မှာ PlayVS နဲ့ပူးပေါင်းထားတဲ့ အထက်တန်းကျောင်းပေါင်း ၁၃၀၀၀ ကျော်ရှိပြီဖြစ်ပြီး စာရင်းသွင်းထားတဲ့ ကစားသမားပေါင်းဟာလည်း ၈၀၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ PlayVS ဟာ အထက်တန်းကျောင်းတွေမှာ Esports League တွေ အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ကောလိပ်တွေဘက်ကိုပါ ခြေဦးလှည့်လာခဲ့ပါပြီ။ ကောလိပ်တွေအတွက် ပထမဦးဆုံးပြိုင်ပွဲအဖြစ် Fortnite ကိုပဲကျင်းပပေးမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာပြိုင်ပွဲစတင်မှာပဲဖြစ်ပါတယ်။
အထက်တန်းကျောင်းတွေမှာ Fortnite League ကိုထည့်သွင်းလိုက်တာနဲ့ပတ်သတ်ပြီး East Coweta High School မှ Esports နည်းပြတစ်ဦးဖြစ်သူ Phillip Schultz က "ဒီလိုအကြီးအကျယ်အောင်မြင်ထားတဲ့ဂိမ်းပြိုင်ပွဲတွေ ကျင်းပပေးတော့မှာဆိုတော့ သင်ရိုးတိုးချဲ့ချင်နေတဲ့နည်းပြတွေအတွက် ဟန်ကျပါတယ်.. နာမည်ကြီးဂိမ်းဖြစ်တာကြောင့် ကျောင်းသားအများကြီးလည်း ပါဝင်ယှဉ်ပြိုင်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
Esports ဟာ အသက်မွေးဝမ်းကြောင်းအသစ်တစ်ခုဖြစ်တာကြောင့် တိုးတက်ပြီးသားနိုင်ငံတွေရဲ့ ကျောင်းတွေမှာ Esports ကို သင်ရိုးတစ်ခုအဖြစ် ပြဌာန်းသင်ကြားပေးနေကြပြီး အမေရိကန်လိုနိုင်ငံအချို့ကတော့ အခြားသော အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး League ပြိုင်ပွဲတွေကိုပါပြုလုပ်ပေးနေပြီပဲဖြစ်ပါတယ်။
Written by Myo Thant Kyaw