မတ်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ESL One Los Angeles 2020 Dota 2 Major ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပွဲစီစဉ်သူ ESL က ပြီးခဲ့တဲ့နာရီပိုင်းကပဲ တရားဝင်ကြေညာခဲ့ပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ESL One Los Angeles 2020 Dota 2 Major ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပွဲစီစဉ်သူ ESL က ပြီးခဲ့တဲ့နာရီပိုင်းကပဲ တရားဝင်ကြေညာခဲ့ပါတယ်။

လက်ရှိကမ္ဘာအနှံ့အပြားမှာ ကူးစက်ပြန့်ပွားလျက်ရှိတဲ့ COVID-19 ကြောင့် ပွဲစီစဉ်သူတွေက အစပိုင်းမှာ ပရိသတ်မပါဘဲ ကျင်းပဖို့လျာထားခဲ့ပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က COVID-19 ကို ကပ်ရောဂါအဖြစ်ကြေညာလိုက်တဲ့အခါမှာတော့ ပြိုင်ပွဲကိုပါတစ်ခါတည်းဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။




2019-2020 DPC Season ရဲ့တတိယမြောက် Major ဖြစ်တဲ့ ESL One Los Angeles 2020 ပြိုင်ပွဲဟာ ဒီလရဲ့ Dota 2 ပရိသတ်တွေအစောင့်မျှော်ဆုံးပြိုင်ပွဲပါ။ တစ်နှစ်ကို Major ပြိုင်ပွဲ ၅ ခု ကျင်းပလေ့ရှိပြီး ကမ္ဘာ့အကောင်းဆုံး Dota 2 အသင်း ၁၆ သင်းတို့ ပါဝင်တာကြောင့် The International ပြိုင်ပွဲပြီးရင် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ပွဲဖြစ်ပါတယ်။

တတိယမြောက် Minor ပြိုင်ပွဲကို ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့မှာ အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တာကြောင့် Major ကိုပါ အထစ်အငေါ့မရှိကျင်းပနိုင်မယ်လို့ ပရိသတ်တွေကယုံကြည်ခဲ့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း ကြေညာချက်အပြီးမှာတော့ ဆက်လက်ကျင်းပဖို့မလွယ်ကူတော့တဲ့အခြေအနေကို ရောက်ရှိသွားပါတယ်။


တကယ်တော့ပြည်ဝင်ခွင့်မပိတ်ခင်ကတည်းက ကစားသမားတွေအနေနဲ့ ဗီဇာမရတဲ့ပြဿနာတွေကြုံတွေ့နေခဲ့ရတာပါ။ Minor Champion အသင်း Team Aster က Sccc နဲ့ BoBoKa, Adroit အသင်းခေါင်းဆောင် Boomy, Virtus.pro က Carry ကစားသမား cooman တို့ဟာ ဗီဇာငြင်းပယ်ခံရတာကြောင့် ဒီပြိုင်ပွဲနဲ့ လွဲချော်ဖို့သေချာနေပြီးသား ကစားသမားတွေပဲဖြစ်ပါတယ်။

Los Angeles Major ကိုဖျက်သိမ်းလိုက်တယ်ဆိုပေမယ့် ESL ကတော့ Valve နဲ့တိုင်ပင်ပြီး အစားထိုး Major တစ်ခုကို အခြားတစ်နိုင်ငံမှာ ကျင်းပဖို့စီစဉ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။ လက်ရှိမှာ SEA အသင်းတွေဖြစ်တဲ့ Fnatic, Geek Fam နဲ့ Adroit တို့ဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ Major ပြိုင်ပွဲကိုဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့် လေကြောင်းလိုင်းတွေကိုပိတ်ထားတာကြောင့် ကစားသမားတွေအနေနဲ့ ချက်ချင်းပြန်လာဖို့မလွယ်ကူပေမယ့် အသင်းပိုင်ရှင်တွေကတော့ ဘေးကင်းကင်းနဲ့ပြန်လည်ခေါ်ဆောင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က