၂၀၂၀ ခုနှစ်အတွက် ပထမဦးဆုံး Dota 2 Major ပြိုင်ပွဲဖြစ်တဲ့ Leipzig Major ကတော့ မကြာခင်အချိန်တိုအတွင်းမှာ ပရိသတ်တွေရှေ့မှောက်ကို ရောက်ရှိလို့လာတော့မှာပါ။

၂၀၂၀ ခုနှစ်အတွက် ပထမဦးဆုံး Dota 2 Major ပြိုင်ပွဲဖြစ်တဲ့ Leipzig Major ကတော့ မကြာခင်အချိန်တိုအတွင်းမှာ ပရိသတ်တွေရှေ့မှောက်ကို ရောက်ရှိလို့လာတော့မှာပါ။


Dota 2 ပရော်ဖက်ရှင်နယ်ပြိုင်ပွဲတွေမှာ The International ပြီးရင် အကြီးဆုံးလို့ဆိုရမယ့် Major ပြိုင်ပွဲတွေဟာ တစ်နှစ်ကို ၅ ကြိမ် ကျင်းပလေ့ရှိပြီး ကမ္ဘာ့ထိပ်သီးအသင်းတွေ ပါဝင်လေ့ရှိတာကြောင့် ပရိသတ်များ မျှော်လင့်စောင့်စားနေတာပါ။ Major ပြိုင်ပွဲတွေရဲ့ထုံးစံအတိုင်း ပြိုင်ပွဲဝင် ၁၆ သင်းပါဝင်မှာဖြစ်ပြီး ဆုကြေးအဖြစ် ဒေါ်လာ ၁ သန်းနဲ့ DPC Point ၁၅၀၀၀ တို့ကိုချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် အုပ်စုတွေကလည်း ခွဲပြီးသွားပြီဆိုတော့ အုပ်စုအလိုက် တစ်သင်းချင်းစီအပေါ် ထင်မြင်ချက်တွေကို ပြောပြသွားပါမယ်။



Group A


ဒီအုပ်စုမှာတော့ Fnatic, Nigma, Team Aster, TNC တို့ပါဝင်ပါတယ်။ ဖျက်မြင်းအသင်း ၃ သင်းနဲ့ အကောင်းဆုံးလက်စွမ်း အနေအထားမှာ မရှိပေမယ့် ဆင်ပိန်ကျွဲလောက်ကျန်သေးတဲ့ Nigma တို့ပါဝင်တဲ့ ဒီအုပ်စုက တော်တော်လေးကို ပြိုင်ဆိုင်မှုပြင်းထန်မယ့် အနေအထားမှာရှိနေပါတယ်။


Fnatic


Fnatic ဟာ v7.23 ထွက်ရှိအပြီးမှာ ကျင်းပခဲ့တဲ့ အကြီးဆုံးပြိုင်ပွဲလို့ဆိုရမယ့် ONE Esports World Pro Invitational ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့တာကြောင့် သူတို့ရဲ့လက်ရှိလက်စွမ်းကို ခန့်မှန်းဖို့က တော်တော်လေးခက်တယ်လို့ ပြောရမှာပါ။


Secret ရဲ့ Coach ဖြစ်သူ Sunbhie ကိုခေါ်ယူထားတာကြောင့်လည်း Fnatic ဟာ အရင်ကထက် နည်းဗျူဟာပိုင်းမှာ ပိုမိုကောင်းမွန်လာမယ်ဆိုတာကတော့ သေချာသလောက်ရှိနေပါတယ်။ ပြိုင်ပွဲမစခင်ကတည်းက အသင်းရဲ့ အသက်ငယ်ဆုံး ကစားသမားဖြစ်တဲ့ 23savage က ဒီမေဂျာကိုအရယူမယ်လို့ ကြုံးဝါးထားပုံကို ကြည့်မယ်ဆိုရင် အသင်းရဲ့စိတ်ဓာတ်ပိုင်းက တော်တော်လေးမြင့်တက်နေတာကိုလည်း တွေ့မြင်ရမှာပဲဖြစ်ပါတယ်။


ဒါပေမယ့် လက်ရှိအုပ်စုမှာ တွေ့ရမယ့်ပြိုင်ဘက်တွေက 23savage ရဲ့ Major Winner အိပ်မက်ကို ဆက်မမက်နိုင်တော့အောင် စွမ်းဆောင်နိုင်တဲ့အသင်းတွေဖြစ်တာကြောင့် Fnatic အနေနဲ့ Lower Bracket မရောက်ဖို့ကို တော်တော်လေးရုန်းကန်ရပါလိမ့်မယ်။


Nigma

Minor ချန်ပီယံ Nigma နဲ့ပတ်သတ်လို့ကတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ Minor ကစားထားရတဲ့အတွက် အခြားအသင်းတွေလို သွေးပူလေ့ကျင့်ခန်းအထူးတလည် လုပ်နေစရာမလိုတော့တာက သူတို့အတွက် အားသာချက်တစ်ခုပါ။


နောက်တစ်အဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့တက်ရောက်သွားဖို့ အနီးဆုံးနေရာမှာရှိနေပေမယ့် Lower Bracket နဲ့ အကျိုးပေးကောင်းနေတဲ့ Kuro တို့တစ်သိုက် Lower ပဲထက်ဆင်းသွားမလားဆိုကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။


Team Aster


Newbee နဲ့အတူ တောက်ပခဲ့ဖူးတဲ့ Sccc တို့ရဲ့ Aster က ဖျက်မြင်းအသင်းလို့သာဆိုပေမယ့် ကစားသမားတွေ အချိတ်အဆက်မိရင်မိသလို ထိပ်ဆုံးကိုတက်လှမ်းနိုင်ဖို့ အလားအလာကောင်းတွေရှိနေတဲ့အသင်းပါ။ အခုလို လက်ရည်မတိမ်းမယိမ်းအသင်းတွေစုနေတဲ့ ငရဲအုပ်စုထဲကျနေတာကတော့ နည်းနည်းကံဆိုးတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ ဘာပဲပြောပြော Aster အနေနဲ့ Upper Bracket ကိုတက်ရောက်သွားနိုင်ဖို့ အခွင့်အရေးတော်တော်များများရှိပါသေးတယ်။


TNC


၂၀၁၉-၂၀၂၀ DPC Season ရဲ့ပထမဦးဆုံး Major ကို ရယူနိုင်ခဲ့ပေမယ့် Patch အသစ်ပြောင်းပြီးတဲ့နောက်ပိုင်းမှာ TNC အနေနဲ့ လက်စွမ်းကျဆင်းလာတာကို တတိယနေရာသာရရှိခဲ့တဲ့ Leipzig Major Qualifier နဲ့ 7th-8th နေရာသာရရှိခဲ့တဲ့ ONE Esports ပြိုင်ပွဲရလဒ်တွေက သက်သေပြနေပါတယ်။


Coach အသစ်ဖြစ်တဲ့ Febby အသင်းကိုရောက်လာတာ ရက်ပိုင်းသာရှိသေးတာကြောင့် Coach ရဲ့နည်းဗျူဟာတွေနဲ့ ကစားသမားတွေရဲ့ ကစားပုံ တစ်ထပ်တည်းကျဖို့ မဖြစ်နိုင်သေးတာကလည်း TNC အတွက်ထိုးနှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကောင်းကောင်းကြီး Improvise လုပ်နိုင်မှ Upper Bracket ကိုရောက်ပါလိမ့်မယ်။


Group B


ဒီအုပ်စုမှာတော့ Beastcoast, Chaos Esports Club, Team Secret, Vici Gaming တို့ပါဝင်ပါတယ်။


Beastcoast


တောင်အမေရိကရဲ့ အကောင်းဆုံးအသင်း Beastcoast ရဲ့လက်စွမ်းဟာ တော်တော်လေးကောင်းတယ်လို့ဆိုနိုင်ပေမယ့် Secret, Vici Gaming တို့လိုအသင်းတွေနဲ့ တစ်အုပ်စုတည်းကျနေတာကြောင့် Upper Bracket ရောက်ဖို့ တော်တော်လေးခက်ခဲပါလိမ့်မယ်။


ဒါ့အပြင် အသင်းရဲ့ Offlane ကစားသမား Wisper က ကျန်းမာရေးအခြေအနေကြောင့် ဒီပြိုင်ပွဲကိုလွဲချော်သွားပြီဖြစ်ပြီး Stand-in နဲ့ကစားရမယ့် Beastcoast အနေနဲ့ ဒီပြိုင်ပွဲနဲ့ ကံအကျိုးပေးမကောင်းလှဘူးလို့ ဆိုရမှာပါ။ TI9 တုန်းကလို အံ့အားသင့်စရာလက်စွမ်းမျိုး ပြန်လည်ပြသနိုင်ဖို့ မျှော်လင့်မိပါတယ်။


Chaos Esports Club


North America Qualifier ရဲ့ထိပ်ဆုံးကနေတက်လာတဲ့အသင်းဆိုပေမယ့် လက်ရှိအုပ်စုအနေအထားနဲ့ကတော့ Lower Bracket ကို တည့်တည့်ကြီးဆင်းသွားဖို့ရှိနေပါတယ်။ ဒါ့အပြင် လက်ရှိလူစာရင်း လက်စွမ်းနဲ့ Top 8 ရောက်ဖို့မလွယ်ကူဘဲ Chaos အနေနဲ့ ဒီပြိုင်ပွဲမှာ 9th-12th အဆင့်နဲ့သာ အဆုံးသတ်သွားဖို့ တော်တော်လေး ရာခိုင်နှုန်းများနေပါတယ်။


Team Secret

ပြီးခဲ့တဲ့ ONE Esports ပြိုင်ပွဲမှာ 5th-6thနေရာနဲ့သာ ကျေနပ်ခဲ့ရပေမယ့် Team Secret ရဲ့လက်စွမ်းက ဒီမေဂျာမှာ နေရာတစ်ခုတော့ အမှန်အကန်ရယူနိုင်ဖို့က သေချာသလောက်ရှိပါတယ်။ Top 4 လောက်တော့ အနည်းဆုံးရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။


Vici Gaming


ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အသင်းစာရင်းထဲမှာ ထိပ်ဆုံးကနေပါနေတဲ့ Vici Gaming အနေနဲ့ အရင် ONE Esports ပြိုင်ပွဲကလို လက်စွမ်းမျိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ Grand Final ကို အေးအေးဆေးဆေး တက်ရောက်သွားနိုင်ပါလိမ့်မယ်။


Group C


ဒီအုပ်စုမှာတော့ Alliance, Invictus Gaming, Reality Rift နဲ Virtus Pro အသင်းတို့ပါဝင်ပါတယ်။


Alliance

ကြယ်ပေါင်းစုံအပြိုင်အဆိုင်ထွန်းလင်းတောက်ပနေတဲ့ Europe Region မှာတော့ Alliance ဟာလည်း သူ့အလင်းနဲ့သူ ထွန်းလင်းတောက်ပနေတဲ့ ကြယ်တစ်လုံးပါပဲ။ Alliance အနေနဲ့ အုပ်စုအဆင့်ကနေ Upper Bracket ကို အေးအေးဆေးဆေးတက်ရောက်သွားနိုင်ဖို့ အခွင့်အလမ်းသာနေပြီး Top 6 လောက်အထိဝင်နိုင်မယ့် လက်စွမ်းမျိုးလည်းရှိနေပါတယ်။


Invictus Gaming


ဘယ်တုန်းကမှ လျှော့တွက်လို့မရခဲ့တဲ့ Region ဖြစ်တဲ့ China က IG အသင်းဟာလည်း ကစားသမားအသစ်တွေနဲ့ အသင်းကိုပြန်လည်ဖွဲ့စည်းပြီးမှ အခုလိုရလဒ်ကောင်းတွေ ပိုင်ဆိုင်လာတဲ့အသင်းလည်းဖြစ်ပါတယ်။ လက်စောင်းထက်နေတဲ့ IG အနေနဲ့ လက်ရှိအုပ်စုအနေအထားအရ Upper Bracket ကိုတက်ရောက်နိုင်ဖို့ အလေးသာနေပါသေးတယ်။ ဒီပြိုင်ပွဲမှာ IG အဖို့နေရာကောင်းရဖို့မလွယ်ကူပေမယ့် အခြားအသင်းတွေအတွက်တော့ သတိထားရမယ့်ပြိုင်ဘက်ပါပဲ။


Reality Rift


SEA မှာ TNC နဲ့ Fnatic ကလွဲရင် ကျန်အသင်းတွေရဲ့ အင်တာနေရှင်နယ်ပြိုင်ပွဲအတွေ့အကြုံက တော်တော်လေးနည်းပါးပါတယ်။ အခုလိုခန့်မှန်းချက်ထုတ်တာ နည်းနည်းရက်စက်ရာကျပေမယ့် Reality Rift ကတော့ ဒီပြိုင်ပွဲမှာ အိမ်ဖြည့်အသင်းအဆင့်သာ မှန်းထားပါတယ်။


Virtus Pro


VP အနေနဲ့ လူစားလဲပြီးခါစကလောက် အခြေအနေမဆိုးတော့ဘူးဆိုပေမယ့် အရင်လို အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ကတော့ အဝေးကြီးလိုပါသေးတယ်။ လက်ရှိအနေအထားနဲ့ကတော့ ဒီမေဂျာမှာ Top 8 ဝင်ရင်ကို ချီးကျူးရမှာပါ။


Group D


ဒီအုပ်စုမှာ Evil Geniuses, Natus Vincere, Pain Gaming နဲ့ Team Liquid တို့ပါဝင်ပါတယ်။


Evil Geniuses

ရိုလာကိုစတာစီးသလို လက်စွမ်းက အမြဲလိုလို နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ EG အတွက်တော့ ချောင်တဲ့အုပ်စုမှာ လာကျတာ ကံတော်တော်ကောင်းပါတယ်။ Abed နဲ့ Ramzes666 တို့သာ ပုံမှန်ထက် ပိုမိုစွမ်းဆောင်နိုင်မယ်ဆိုရင်တော့ နောက်ထပ် Grand Final တစ်ခုကို တက်ရောက်သွားနိုင်မှာပဲဖြစ်ပါတယ်။


Natus Vincere


Na’vi ရဲ့လက်စွမ်းက အရင်နဲ့မတူအောင် တော်တော်လေးတိုးတက်လာပြီဆိုပေမယ့် တစ်အုပ်စုတည်းက EG နဲ့ Liquid တို့ကိုကျော်ပြီး Upper Bracket တက်ဖို့က မလွယ်ကူလှပါဘူး။ ဒီမေဂျာမှာတော့ Na’vi အနေနဲ့ 9th-12th အဆင့်လောက်သာ အများဆုံးရောက်နိုင်ပါလိမ့်မယ်။


Pain Gaming


South America Qualifier ကနေ မေဂျာကိုရောက်ရှိလာတဲ့ နောက်တစ်သင်း Pain Gaming အနေနဲ့ ဒီခရီးမှာဝေးဝေးပြေးနိုင်ဖို့ မလွယ်ကူလှပါဘူး။ Reality Rift လိုပဲ နောက်ထပ် အိမ်ဖြည့်အသင်းတစ်သင်းပဲဖြစ်ပါတယ်။


Team Liquid


Liquid ဟာလည်း EG လိုပဲ လက်စွမ်းမငြိမ်တဲ့အသင်းပဲဖြစ်ပါတယ်။ ကောင်းချင်ရင် စွတ်ကောင်းနေတတ်ပြီး ညံ့ချင်လည်း အဖတ်ဆယ်လို့မရအောင်ညံ့တတ်တာကြောင့် ရလဒ်ကိုခန့်မှန်းဖို့ကလည်း တော်တော်လေးခက်ခဲပါတယ်။ Upper Bracket ကိုတော့ တက်ရောက်နိုင်မယ်လို့ ထင်မြင်မိပြီး လက်စွမ်းပြမယ်ဆိုရင်တော့ Top 8 လောက်အထိတော့ ရောက်နိုင်မှာပါ။


DreamLeague Season 13: The Leipzig Major ပြိုင်ပွဲဟာ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိကျင်းပမှာဖြစ်ပြီး အုပ်စုအဆင့်ပွဲစဉ်တွေကိုတော့ မြန်မာစံတော်ချိန် ည ၇ နာရီခန့်မှာ စတင်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က