E3 ဆိုတာက Electronic Entertainment Expo ရဲ့ အတိုကောက်နာမည်ဖြစ်ပြီး Entertainment Software Association (ESA) ကနေ ကြီးမှုးပြီးတော့ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးဂိမ်းပြပွဲကြီးပဲ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် E3 ပြပွဲကနေ တစ်ကမ္ဘာလုံးက ဗီဒီယိုဂိမ်းထုတ်လုပ်သူတွေ ဘာတွေတင်ဆက်ခဲ့သလဲဆိုတာ အကျဉ်းချုံးဖော်ပြပေးသွားမှာပါ။


E3 ဆိုတာက Electronic Entertainment Expo ရဲ့ အတိုကောက်နာမည်ဖြစ်ပြီး Entertainment Software Association (ESA) ကနေ ကြီးမှုးပြီးတော့ နှစ်စဉ်ကျင်းပလျှက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးဂိမ်းပြပွဲကြီးပဲ ဖြစ်ပါတယ်။ E3 ပွဲမှာ Video Game Industry ထဲက ဂိမ်းဖန်တီးသူတွေ ၊ ဖြန့်ဝေသူတွေက သူတို့ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ ဂိမ်းအသစ်တွေ၊ ဂိမ်းနဲ့ ဆက်စပ်ပစ္စည်းအသစ်တွေကို ပရိတ်သတ်တွေရှေ့မှောက် ယူဆောင်လာကြပြီး မိတ်ဆက်ပြသကြပါတယ်။

E3 2019 က ၂၅ ကြိမ်မြောက် E3 ပွဲဖြစ်ပြီး ဒီနှစ်မှာလည်း ထုံးစံအတိုင်း နာမည်ကြီး ဂိမ်းစတူဒီယိုတွေ အများအပြား တက်ရောက်လာခဲ့ပေမယ့် Sony ရဲ့ Play Station ကတော့ E3 ကျင်းပခဲ့တဲ့ သက်တမ်းတလျှောက်လုံးမှာ ပထဆုံးအကြိမ်အဖြစ် ပျက်ကွက်ခဲ့ပါတယ်။ Console Game ရဲ့ထိပ်ခေါင်လို့တောင် တင်စားလို့ရတဲ့ Playstation ပါမလာတဲ့အတွက် E3 2019 ဟာအနည်းငယ် ဟာတာတာတော့ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် Playstationရဲ့ ပြိုင်ဖက် XBOX ကတော့ သူတို့ရဲ့ စိတ်ဝင်စားဖွယ်ရာ Feature အသစ်တွေနဲ့ ဂိမ်းအသစ်တွေကို ပြသခဲ့တဲ့ အပြင် အခြားနာမည်ကျော် Game Studio တွေရဲ့ ထုတ်ကုန်အသစ်တွေကြောင့် စောင့်ရကျိုးနပ်တဲ့ ပွဲတစ်ပွဲတော့ ဖြစ်ခဲ့ပါတယ်။ E3 2019 ရဲ့ စိတ်ဝင်စားဖွယ် အကောင်းဆုံးသတင်းတွေကို အောက်မှာ Game Studio တွေရဲ့ ခေါင်းစဉ်နဲ့ တစ်ခုစီတွဲပြီးပြောပြပေးသွားပါမယ်။ E3 ဂိမ်းပြပွဲကြီးဟာ ၃ ရက်တိုင်တိုင် ကျင်းပခဲ့တဲ့ ပွဲကြီးဖြစ်တာကြောင့် ကျန်ခဲ့တာအနည်းငယ်ရှိရင်လည်း ခွင့်လွှတ်ပေးပါလို့။


XBOX

Microsoft ရဲ့ XBOX က ဒီနှစ် E3 မှာ သူတို့ရဲ့ ခြေလှမ်းအသစ်တွေနဲ့ ဂိမ်းအသစ်တွေ အများကြီးချပြသွားပါတယ်။ ဂိမ်းထဲမှာဆိုရင် XBOX Game Studio ကနေထုတ်တဲ့ ဂိမ်း ၁၄ မျိုးအပါအဝင် XBOX မှာ ကစားနိုင်မယ့် ဂိမ်းပေါင်း ၆၀ ကို ကြေညာသွားပါတယ်။ အဲဒီဂိမ်းတွေထဲမှာ Gears of War Franchise ထဲက Gear 5 လည်းပါဝင်ခဲ့သလို Star Wars Jedi: Fallen Order နဲ့ Dying Light 2 အပြင် ၂၀၁၂ လောက်တည်းက ကြေညာခဲ့တဲ့ Cyberpunk 2077 စတဲ့ ဂိမ်းတွေရဲ့ Trailer တွေကို ပြသခဲ့တာပါ။ ထူးခြားချက်တစ်ခုကတော့ Cyberpuck 2077 မှာ ဟောလိဝုဒ်ရုပ်ရှင်မင်းသား Keanu Reeves ပါဝင်လာတဲ့အပြင် ဂိမ်း Trailer ကို မိတ်ဆက်ပြသတဲ့အခါမှာလည်း Keanu Reeves ကိုယ်တိုင်က အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့ပါတယ်။

နောက်ပြီး XBOX ရဲ့ခြေလှမ်းအသစ်ဖြစ်တဲ့ PC အတွက် XBOX Game Pass ကိုမိတ်ဆက်သွားပါသေးတယ်။ XBOX Game Pass မှာ ဂိမ်းပေါင်း ၁၀၀ ကျော်ပါဝင်သွားမှာဖြစ်ပြီး လစဉ်ကြေး 9.99$ တည်းနဲ့ Subscribe ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ XBOX Game Pass Ultimate ပါ။ ဒီ XBOX Game Pass Ultimate မှာ Console အတွက် XBOX Game Pass ၊ XBOX Live Gold နဲ့ PC အတွက် XBOX Game Pass ပါဝင်မှာဖြစ်ပြီးလစဉ်ကြေး 14.99$ သာ ကျသင့်မှာပဲဖြစ်ပါတယ်။

နောက်ထပ်မိတ်ဆက်သွားတာတစ်ခုက XCloud ပါ။ ဒီဘက်နှစ်ပိုင်းတွေမှာ Cloud Gaming တွေ ခေတ်စားလာတာနဲ့အညီ Microsoft ကလည်း XBOX ကို အခြေပြုထားတဲ့ Cloud Gaming Service ဘက်ကို ခြေဦးလှည့်လာခဲ့ပါတယ်။ XBOX ရဲ့ Cloud Game တွေကို ဆော့ချင်ရင် နည်းနှစ်မျိုး ရှိပါတယ်။ ပထမတစ်နည်းက သူတို့ရဲ့ XCloud လို့ခေါ်တဲ့ ဆာဗာကနေ အခကြေးငွေပေးပြီးဆော့ရမှာဖြစ်ပြီး၊ နောက်တစ်နည်းကတော့ ကိုယ့်မှာ XBOX ဂိမ်းစက်သာရှိခဲ့ရင် အဲဒီဂိမ်းစက်ကို ဆာဗာအဖြစ်ထားပြီး ဆော့ကစားနိုင်မှာပါ။ ဒုတိယတစ်နည်းအတွက်တော့ အခကြေးငွေ လုံးဝပေးရမှာ မဟုတ်ပါဘူး။ XColud ကိုတော့ 2019 နှစ်ကုန်ပိုင်းလောက်မှာ စတင်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။


နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို XBOX ကနေ နောက်ဆုံးမိတ်ဆက်သွားတာကတော့ အံ့အားသင့်စရာ အပြည့်ပါပဲ။ သူတို့ကတော့ အဲဒါကို "Project Scarlett" လို့နာမည်ပေးထားပြီး XBOX One အလွန်ထွက်ရှိလာမယ့် Console မျိုးဆက်သစ်ဂိမ်းစက်ပဲဖြစ်ပါတယ်။ ဒီ Project Scarlett မှာ AMD ရဲ့ Zen 2 CPU နဲ့ Radeon RX 5000 Series GPU တွေကို အသုံးပြုသွားမှာဖြစ်ပြီး VRAM အတွက် SSD ကိုအသုံးပြုသွားမှာဖြစ်တာကြောင့် လက်ရှိမျိုးဆက်ဂိမ်းစက် အားလုံးထက် အဆ ၄၀ ပိုမြန်မယ်လို့ ပြောထားပါတယ်။ နောက်ထပ်အားရစရာကောင်းတာက ဂိမ်းတွေကို 120 Frame Per Second နဲ့ဆော့ကစားနိုင်မှာဖြစ်သလို Resolution ပိုင်းမှာလည်း Ultra HD 8K အထိတင်ပြီး ဆော့ကစားနိုင်မယ့် အချက်ပါပဲ။ XBOX ကတော့ အနာဂတ်ဂိမ်းလောကထဲကို ခြေလှမ်းကျဲကျဲနဲ့ ဝင်ရောက်နေပြီပဲဖြစ်ပါတယ်။



EA

နာမည်ကျော်ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ EA ကတော့ E3 မှာတိုက်ရိုက်မပါဝင်ခဲ့ပဲ EA Play ဆိုတဲ့ Event တစ်ခုကိုသာ E3 မတိုင်ခင် တစ်ရက်လောက်အလိုမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ EA Play Event မှာတော့ သူတို့ထုတ်တဲ့ဂိမ်းတွေဖြစ်တဲ့ Star Wars Jedi: Fallen Order, Battlefield 5, Apex Legends အစရှိတဲ့ ဂိမ်းတွေရဲ့ Gameplay ပိုင်းကိုသာ ဦးတည်ပြီး မိတ်ဆက်သွားခဲ့ပါတယ်။



Ubisoft

Ubisoft ကလည်း E3 မှာ အားကျမခံ ဂိမ်းအများကြီးကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲဒီထဲမှာ အာဏာရှင်ကြောင့် ပြည်သူတွေ ကျီးလန့်စာစားနေရတဲ့ လန်ဒန်မြို့ကို ကယ်တင်ဖို့ တော်လှန်ရေးတပ်ဖွဲ့ဖွဲ့ပြီး အာဏာရှင်တွေကို တိုက်ထုတ်ရမယ့် Watch Dogs Legion, နာမည်ကျော်စာရေးဆရာကြီး Tom Clancy ရဲ့စာအုပ်ကို ဂိမ်းအဖြစ် ပြန်ထုတ်ထားတဲ့ Ghost Recon Breakpoint, Tom Clancy's Elite Squad, Tom Clancy's Rainbow Six Quarantine, Tom Clancy's The Division 2 နဲ့ For Honor : Shadows of the Hitoriki အပြင် အခြားဂိမ်းတွေကို မိတ်ဆက်သွားခဲ့ပါတယ်။


ထူးခြားသတင်းအနေနဲ့ Ubisoft လက်အောက်က ဂိမ်းစတူဒီယိုဖြစ်တဲ့ Blue Mammoth Games ရဲ့ Brawhalla မှာ Cartoon Network ရဲ့နာမည်ကြီးအန်နီမေးရှင်းစီးရီး Adventure Time က ဇာတ်ကောင်တွေပါဝင်လာမှာဖြစ်ပြီး၊ Ubisoft ဟာ Netflix နဲ့ပူးပေါင်းပြီး The Division ရုပ်ရှင်ကို ရိုက်ကူးတော့မယ့်အကြောင်းကို ကြေညာခဲ့ပါသေးတယ်။ The Division ရုပ်ရှင်ကို Deadpool 2 ဒါရိုက်တာ David Leitch က ရိုက်ကူးသွားမှာဖြစ်ပြီး Jessica Chastain နဲ့ Jake Gyllenhaal တို့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် Ubisoft က PC အတွက် Subscription Service တစ်ခုဖြစ်တဲ့ UPlay Plus ကိုလည်း မိတ်ဆက်သွားခဲ့ပါသေးတယ်။ UPlay Plus ရဲ့ Subscription Fee က တစ်လကို 14.99$ ကျသင့်မှာဖြစ်ပြီး ဂိမ်းပေါင်း ၁၀၀ ကျော်ပါဝင်သွားမယ်လို့ သိရပါတယ်။


Square Enix

ဂျပန်ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီ Square Enix ကိုတော့ Final Fantasy ဂိမ်းတွေနဲ့ လူသိများပါတယ်။ E3 ပွဲမှာ Square Enix က Final Fantasy ပရိသတ်တွေစောင့်မျှော်နေတဲ့ Final Fantasy VII Remake ရဲ့ Gameplay တွေကို ပြသခဲ့တဲ့အပြင် Release Date ကိုပါ ထုတ်ပြန်ခဲ့ပါတယ်။ 2020 ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ထွက်ရှိသွားမယ့် Final Fantasy VII Remake ကိုတော့ Playstation 4 ပလက်ဖောင်းတစ်ခုတည်းမှာသာ ကစားနိုင်မှာပဲဖြစ်ပါတယ်။

Final Fantasy VII ဟာ 1997 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ဂိမ်းဖြစ်ပြီး အခုခေတ်ရုပ်ထွက်အလန်းစားတွေနဲ့ ပြန်လည်မွမ်းမံထားပြီး အရင်ခေတ်ကို ခံစားချက်အသစ်နဲ့ ပြန်လည်ခံစားနိုင်မှာဖြစ်တာကြောင့် FF VII Remake ကို ပရိသတ်တွေ မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။

နောက်ထပ်ပရိသတ်တွေကို အံ့အားသင့်စေမယ့်ဂိမ်းတစ်ခုကိုလည်း ကြေညာခဲ့ပါသေးတယ်။ အဲဒါကတော့ Avengers ဂိမ်းပဲဖြစ်ပါတယ်။ Marvel Cinematic Universe ရဲ့ကျေးဇူးနဲ့အတူ ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ကမ္ဘာတွေထဲက တစ်ခုဖြစ်လာတဲ့ Avengers ကို ဂိမ်းအဖြစ်နဲ့ 2020 ခုနှစ်မေလ 15 ရက်နေ့မှာ စတင်ဆော့ကစားနိုင်တော့မှာပါ။


Square Enix က ဒီလောက်နဲ့မရပ်တန့်ခဲ့ဘဲ Dragon Quest Builders 2, Racing ဂိမ်းဖြစ်တဲ့ Circuit Superstars, First Person Shooter ဂိမ်းဖြစ်တဲ့ Batallion 1944 တို့အပြင် အခြားဂိမ်းများစွာတို့ကိုလည်း မိတ်ဆက်သွားခဲ့ပါသေးတယ်။



Bethesda

Fallout Series ရဲ့ ပဲ့ကိုင်ရှင် Bethesda ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းအများအပြားကို မိတ်ဆက်ခဲ့ပါသေးတယ်။ အဲဒီထဲမှာ Ghost Wire : Tokyo ကတော့ အဟော့ဆုံးဂိမ်းဖြစ်ပြီး တခြားမိုဘိုင်းဂိမ်းများကိုလည်း ပြသခဲ့ပါတယ်။ အဲဒီမိုဘိုင်းဂိမ်းတွေထဲက တစ်ခုကတော့ The Elder Scrolls IV နဲ့ V တို့ရဲ့ Spinoff ဂိမ်းဖြစ်တဲ့ The Elder Scrolls: Blades ဖြစ်ပြီး Android နဲ့ iOSတို့မှာ Early Access နဲ့ 2019 နှစ်လယ်ပိုင်းမှာ ထုတ်ပေးသွားမှာပါ။



Nintendo

ကိုယ်ပိုင်ဂိမ်းပလက်ဖောင်းတွေနဲ့ ကိုယ်ပိုင် Universe ထောင်ထားတဲ့ Nintendo ကလည်း E3 မှာ ဂိမ်းအများကြီးကို ပြသခဲ့ပါသေးတယ်။ ပြသခဲ့တဲ့ဂိမ်းတွေထဲမှာ Super Smash Bros: Ultimate, Dragon Quest Xl, Luigi's Mansion 3, The Dark Crystal: Age of Resistance Tactics, The Legend of Zelda: Link's Awakening အပါအဝင် အခြားဂိမ်းများစွာပါဝင်ခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တဲ့ The Legend of Zelda: Breath of the Wild (၂၀၁၇ ခုနှစ်) ဂိမ်းဟာ အလွန်လူကြိုက်များခဲ့တဲ့နောက်တော့ အခုအသစ်ထုတ်ပြလာတဲ့ Legend of Zelda ဂိမ်းသစ်ကိုလည်း Nintendo ပရိသတ်က သာမာန်ထက်ပိုပြီး မျှော်လင့်နေကြတာ မမှားပါဘူး။

စာဖတ်သူတွေရော E3 ပွဲမှာ ပြသခဲ့တဲ့ ဝန်ဆောင်မှုတွေ၊ ဗီဒီယိုဂိမ်းအသစ်တွေထဲက ဘာတွေကို စိတ်ဝင်တစား မျှော်လင့်နေကြလဲဆိုတာ ပြောခဲ့ပါဦး။


Written by Myo Thant Kyaw





က္က