Halloween အချိန်အခါမှာ ခြောက်ခြားမှုရသကို လိုချင်သူတွေအတွက်တော့ ရုပ်ရှင်ကြည့်ရုံနဲ့တင်မကဘဲ မိုဘိုင်းဂိမ်းတွေပါ ဆော့လို့ရနေပါပြီ။

    ဟောလိုးဝင်းဆိုတာ အနောက်တိုင်းယဉ်ကျေးမှုပွဲတော်တစ်ခုဆိုပေမယ့် မြန်မာနိုင်ငံတွင်းက လူငယ်တွေကြားမှာတော့ လက်ခံပြီးဆင်နွှဲလာတာ နှစ်အတန်ငယ်ခန့်ကြာခဲ့ပါပြီ။


တစ္ဆေယုံကြည်မှုဆိုင်ရာပွဲတော်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ခေတ်အရွေ့ကြောင့် ပျော်ပွဲရွှင်ပွဲတစ်ခုအဖြစ်အသွင်ပြောင်းလဲလာခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကို ဟောလိုးဝင်းပွဲတော်နေ့အဖြစ် သတ်မှတ်ထားပြီး အဲဒီနေ့မှာ တစ္ဆေဝတ်စုံ ဒါမှမဟုတ် အခြားသောဝတ်စုံဆန်းတွေကို ဝတ်ဆင်ပြီး ပါဝင်ဆင်နွှဲကြလေ့ရှိပါတယ်။ ဒီနှစ်ဟောလိုးဝင်းမှာ ဘယ်မှာမသွားဘဲ အိမ်မှာပဲအေးအေးဆေးဆေးနေဖို့ ကြံနေသူတွေအတွက် ပေါ့ပေါ့ပါးပါးကစားရမယ့် Free to Play မိုဘိုင်း Horror ဂိမ်း ၅ မျိုးကိုရွေးချယ်ပေးထားပါတယ်။


1. Friday The 13th: Killer Puzzle

         ပထမဦးဆုံးဂိမ်းကို ပေါ့ပေါ့ပါးပါးကစားရမယ့် Puzzle ဂိမ်းလေးရွေးပေးထားပါတယ်။ Friday The 13th လို့ဆိုလိုက်တာနဲ့ ဟော်ကီမျက်နှာဖုံးနဲ့လူသတ်သမားကြီး Jason Voorhees ကိုပြေးမြင်ကြမှာပါ။ ဒီဂိမ်းကလည်း ဒီ Jason အကြောင်းပါပဲ။ Horror ဂိမ်းလို့သာအမည်ခံထားပေမယ့် ကြောက်စရာကောင်းမှာ မဟုတ်ပါဘူး။



ဘာလို့လဲဆိုတော့ ကိုယ်က Jason နေရာကနေ လူတွေလိုက်သတ်ရမှာကြောင့်ပါပဲ။ ဂိမ်းရဲ့ဂရပ်ဖစ်က Pixel တုံးကြီးတွေသာသာဆိုပေမယ့် သွေးထွက်သံယိုတွေကတော့ အများကြီးပါပါတယ်။ ဒီဂိမ်းဟာ အခြား Puzzle ဂိမ်းတော်တော်များများထုံးစံအတိုင်း Level တစ်ခုနိုင်မှ နောက် Level တစ်ခုကိုရောက်မှာပါ။ Level တစ်ခုကို ခဏလေးကစားရမှာဖြစ်ပြီး Level 100 ကျော်ပါတယ်ဆိုတော့ ခပ်မြန်မြန်ပဲ အပြီးဆော့နိုင်မှာပါ။ Horror ဂိမ်းအမည်ခံထားပေမယ့် ကစားရတာပျော်ဖို့ကောင်းပြီး အချိန်ပေးရကျိုးနပ်မယ့်ဂိမ်းပါပဲ။


2. Into The Dead 2


         ဒီဂိမ်းက ရှေ့မှာ Into The Dead 1 ထွက်ပြီးသားရှိပေမယ့် သာမန် Endless Runner ဂိမ်းဖြစ်တာကြောင့် ချန်ထားခဲ့လိုက်ပြီး Into The Dead 2 ကိုပဲညွှန်းလိုက်ပါမယ်။

Into The Dead 2 က Survival, Horror, Zombie ဂိမ်းအမျိုးအစားပါ။ Story Mode ကစားရမှာဖြစ်ပြီး Chapter ၇ ခုပါဝင်မှာဖြစ်သလို ကိုယ့်ရွေးချယ်မှုအပေါ်မူတည်ပြီး ဇာတ်သိမ်းတွေကကွဲပြားသွားမှာ ဖြစ်ပါတယ်။

ကစားတဲ့သူက လမ်းမှာကားမှောက်ပြီး မိသားစုရှိတဲ့ဆီကို Zombie တွေကြားထဲကနေ ရောက်အောင်ပြန်ပြေးရမယ့် ဇာတ်ကောင်နေရာက ကစားရမှာပါ။ ဂိမ်းရဲ့ဂရက်ဖစ်က တော်တော်လေးကောင်းမွန်ပြီး နောက်ခံတီးလုံးတွေကလည်း ခြောက်ခြားဖို့ကောင်းပါတယ်။ Control ပိုင်းမှာလည်း ရိုးရိုးလေးပဲ၊ ဘယ်ညာရွှေ့တာရယ် လက်နက်သုံးတာရယ်ပဲ ပါပါတယ်။ In-game Shop System လည်းပါဝင်မှာဖြစ်ပြီး လက်နက်တွေကို ဝယ်ယူနိုင် အဆင့်မြှင့်နိုင်မှာပါ။ နောက်ပြီး ခွေးတွေကိုလည်း ကိုယ့်ရဲ့အဖော်အဖြစ်ခေါ်နိုင်မှာဖြစ်ပြီး ခွေးတွေက Zombie တွေကိုကူချပေးတာ ကျည်ဆံတွေယူလာပေးတာ စတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

Into The Dead 2 က Story ပိုင်းရော Gameplay ပိုင်းရောမိုက်ပေမယ့် မြန်မာနိုင်ငံက PlayStore မှာတော့မရှိပါဘူး။ ကစားချင်တယ်ဆိုရင်တော့ Apkpure တို့လို ဆိုက်တွေကနေ သွားဒေါင်းမှရပါမယ်။ File Size က 1.5 GB နီးပါးရှိပြီး ဒေါင်းရကျိုးနပ် အချိန်ပေးပြီးကစားရကျိုးနပ်မယ့် ဂိမ်းဖြစ်ပဲဖြစ်ပါတယ်။


3. The Walking Dead

         ကမ္ဘာကျော်ရုပ်ပြစာအုပ်တွဲရော တီဗွီစီးရီးပါရှိတဲ့ The Walking Dead ကိုတော့ လူတိုင်းသိကြမှာပါ။ Telltale Games က The Walking Dead ကိုဗီဒီယိုဂိမ်းအဖြစ်ထုတ်လုပ်ပြီး PC, Console, Window စတဲ့ ပလက်ဖောင်းပေါင်းစုံမှာ ဖြန့်ချိခဲ့ပါတယ်။


The Walking Dead ကိုအခြေခံထားတယ်ဆိုပေမယ့် အထိကဇာတ်လမ်းကြီးအတိုင်းမဟုတ်ဘဲ Spin-off ဇာတ်လမ်းတစ်ခုအဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ဒီဂိမ်းထဲမှာတော့ Clementine ဆိုတဲ့ မိဘမဲ့ကောင်မလေးကို ကာကွယ်ရမယ့် Lee Everett ဆိုတဲ့ထောင်ထွက်တစ်ဦးနေရာကနေ ကစားရမှာပါ။ Horror, Adventure ဂိမ်းအမျိုးအစားဖြစ်ပြီး Story ပိုင်းကတော့ ကမ္ဘာကျော်ရုပ်ပြစာအုပ်တွဲကို ကျောရိုးယူတာကြောင့် တော်တော်လေးကိုကောင်းမွန်တယ်လို့ ဆိုရမှာပါ။

Android အတွက်တော့ The Walking Dead: Season One နဲ့ The Walking Dead: Season 2 တို့ထွက်ရှိထားပြီး မြန်မာနိုင်ငံက PlayStore မှာတော့ မရှိတဲ့အတွက် Apkpure ကနေဒေါင်းလုတ်ပြုလုပ်ပြီး ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။


4. Granny

         ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့ပြီး Horror ဂိမ်းပရိသတ်တွေကြားမှာတော့ တော်တော်လေးရေးပန်းစားခဲ့တဲ့ မိုဘိုင်းဂိမ်းပါ။ ဇာတ်ဆောင်က အဘွားကြီးတစ်ဦးရဲ့ အိမ်အိုကြီးထဲမှာ ပိတ်မိနေမှာဖြစ်ပြီး အဲဒီအိမ်ကြီးကနေထွက်ပြေးဖို့ ကြိုးစားရမှာပဲဖြစ်ပါတယ်။



အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုလိုက်ရှာပြီး အလုံပိတ်ထားတဲ့ တံခါးကိုဖွင့်ရမှာဖြစ်ပြီး အဲဒီလိုရှာတဲ့နေရာမှာလည်း အဘွားကြီးမကြားအောင် တိတ်တိတ်လေးလုပ်ရမှာပါ။ တကယ်လို့ပစ္စည်းတစ်ခုခုကို တိုက်မိပြီး အသံထွက်သွားမယ်ဆိုရင် အဘွားကြီးကအဲဒီနေရာကို ရောက်လာမှာဖြစ်ပြီး ကိုယ့်ကိုတွေ့သွားခဲ့ရင်တော့ ပြန်အဖမ်းခံရမှာပါ။ တစ်ခါအဖမ်းခံရတာနဲ့ တစ်ရက်ကုန်သွားမှာဖြစ်ပြီး လွတ်မြောက်အောင်ကြိုးစားဖို့က ငါးရက်ပဲအချိန်ရှိတာကြောင့် ကစားသူက အသက် ၅ သက်ရထားတယ်လို့ သတ်မှတ်နိုင်မှာပဲဖြစ်ပါတယ်။

ဒီထဲကအဘွားကြီးကကြောက်စရာကောင်းသလို နောက်ခံတီးလုံးတွေရဲ့ပံ့ပိုးမှုတွေကြောင့် ပိုလို့တောင်ခြောက်ခြားဖို့ကောင်းပါတယ်။ Horror ဖီးလ်အပြည့်ရမယ့်ဂိမ်းဖြစ်ပြီး PlayStore ကနေ အလွယ်တကူဒေါင်းလုပ်ပြုလုပ်နိုင်မှာဖြစ်သလို File Size ကခပ်သေးသေးပဲရှိပါတယ်။ ဒီဂိမ်းရဲ့အဆက်ဖြစ်တဲ့ Granny: Chapter Two လည်းထွက်ရှိပြီးသားဖြစ်တာကြောင့် ဒီဂိမ်းအောင်သွားရင် တစ်ခါတည်းဆက်ဆော့နိုင်ပါတယ်။


5. Identity V

         ဒီဂိမ်းကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုအောင်ကို မြန်မာပရိသတ်နဲ့ရင်းနှီးပြီးသား ဂိမ်းတစ်ခုဖြစ်ပါတယ်။ NetEase ကထုတ်လုပ်တဲ့ဂိမ်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလမှာစတင်ထွက်ရှိခဲ့တဲ့ ဒီဂိမ်းဟာ သူ့ Gameplay ကြောင့် အခုထက်ထိကို ကစားတဲ့သူ အများအပြားရှိနေပါသေးတယ်။


         Hunter နဲ့ Survivor Role နှစ်မျိုးခွဲထားပြီး 1 vs 4 ဆော့ကစားရမှာဖြစ်ကာ Hunter ကတစ်ယောက်တည်း Survivor က လေးယောက်တွဲ ဆော့ကစားရမှာပါ။ Hunter က နာမည်နဲ့လိုက်အောင် Survivor လေးယောက်ကို လိုက်ဖမ်းရမှာဖြစ်ပြီး Survivor ကတော့ Hunter လက်ကလွတ်အောင်ပြေး၊ စက်တွေကို Decode လုပ်ပြီး တံခါးကိုဖွင့်ရမှာပါ။ တံခါးဖွင့်နိုင်ခဲ့ရင်တော့ Survivor တွေနိုင်မှာဖြစ်ပြီး မဖွင့်နိုင်ခင်မှာ ၄ ယောက်စလုံးအဖမ်းခံလိုက်ရရင်တော့ Hunter ကအနိုင်ရရှိမှာဖြစ်ပါတယ်။


Hunter အတွက်ရော Survivor အတွက်ရော မတူညီတဲ့ဇာတ်ကောင်တွေအများကြီးရှိမှာဖြစ်သလို ဇာတ်ကောင်တစ်ဦးချင်းစီမှာလည်း မတူညီတဲ့စွမ်းရည်တွေရှိနေမှာပါ။ ဒီဂိမ်းဟာ အထူးသဖြင့် Survivor နေရာကဆော့ရင် တော်တော်လေးကို ထိတ်လန့်ဖို့ကောင်းတဲ့ဂိမ်းပါ။ Hunter နဲ့နီးလာတာနဲ့အမျှ နှလုံးခုန်သံကပိုကျယ်လောင်လာမှာဖြစ်ပြီး အဲဒီအသံကိုနားထောင်ရင်း ကစားသူပါခြောက်ခြားလာပါလိမ့်မယ်။ ဘာပဲပြောပြော ဒီ Identity V ဆိုတဲ့ ဂိမ်းကတော့ Horror ကြိုက်သူတွေ ဆော့ကိုဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ဂိမ်းပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw



က္က