တစ်နှစ်ထက်တစ်နှစ် ပိုမိုအရှိန်ရလာတဲ့ မိုဘိုင်းဈေးကွက်ထဲက ကစားသမားတွေ ပိုက်ဆံအသုံးအများဆုံး ဂိမ်း (၅) ခုကို စုစည်းဖော်ပြလိုက်ပါတယ်။

၂၀၁၂ ခုနှစ်လောက်က စတင်ပြီး စမတ်ဖုန်းတွေနဲ့အတူ လူတွေအကြားရောက်ရှိလာခဲ့တဲ့ မိုဘိုင်းဂိမ်းတွေဟာ လက်ရှိအချိန်မှာတော့ ဗီဒီယိုဂိမ်းဈေးကွက်မှာ နေရာတစ်နေရာကို အခြေကုပ်ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လူတိုင်းစမတ်ဖုန်းကိုယ်စီနဲ့ခေတ်မှာ မိုဘိုင်းဂိမ်းဈေးကွက်ကြီးမားလာတာ အထူးအဆန်းမဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် ဂိမ်းကစားသူတွေဆီကနေ ငွေပြန်ရှာပုံကတော့ ဩချလောက်စရာပါ။

အစပိုင်းမှာ အခြားသော PC, Console ပလက်ဖောင်းတွေလို ဗီဒီယိုဂိမ်းတိုက်ရိုက်ရောင်းဖို့ ဈေးကွက်အနေအထားအရ အဆင်မပြေခဲ့တာကြောင့် ပိုက်ဆံသုံးလေ၊ အနိုင်ရဖို့လွယ်ကူလေဖြစ်တဲ့ pay to win ဆန်ဆန်ဂိမ်းတွေထုတ်လုပ်ပြီး ကစားသူဆီက တိုက်ရိုက်ဝင်ငွေရယူတဲ့စနစ်နဲ့ ငွေရှာခဲ့ကြပါတယ်။ အဲဒီစနစ်ဟာ အောင်မြင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး နောက်ပိုင်းထွက်ရှိလာတဲ့မိုဘိုင်းဂိမ်းတိုင်းလိုလို pay to win ဂိမ်းတွေဖြစ်လာခဲ့ကြပါတယ်။




လက်ရှိအချိန်မှာတော့ pay to win ဂိမ်းတွေနည်းပါးသွားပြီဖြစ်ပြီး Skin လို့ခေါ်ကြတဲ့ in-game cosmetics တွေဟာ မိုဘိုင်းဂိမ်းတွေရဲ့ အဓိကငွေရှာတဲ့နည်းလမ်းအဖြစ် အစားထိုးဝင်ရောက်လာပြီဖြစ်ပါတယ်။ သို့ပေမယ့် Skin ရောင်းပြီး ငွေရှာတဲ့ဂိမ်းတွေဟာ ဘယ်လောက်ဝင်ငွေကောင်းပါစေဦးတော့ အရင်ထွက်ရှိခဲ့တဲ့ pay to win ဆန်ဆန်ဂိမ်းတွေကို မမီသေးဘူးဆိုတာကတော့ စာရင်းဇယားတွေက သက်သေပြနေပါတယ်။ ဘယ်လိုမိုဘိုင်းဂိမ်းတွေက လက်ရှိဝင်ငွေအများဆုံးရရှိထားလဲ ဆိုတာကိုတော့ အောက်မှာဖော်ပြပေးသွားပါမယ်။


5. Candy Crush Saga

တစ်ချိန်က လူတိုင်းနီးပါးရဲ့ဖုန်းထဲမှာရှိတတ်တဲ့ match-three puzzle ဂိမ်း Candy Crush Saga ကတော့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမိုဘိုင်းဂိမ်းစာရင်းထဲမှာ နံပါတ် ၅ နေရာအထိ ချိတ်တဲ့ဂိမ်းပဲဖြစ်ပါတယ်။


Mobile game developer ဖြစ်တဲ့ King ရဲ့လက်ရာဖြစ်ပြီး ၂၀၁၂ ဧပြီမှာ facebook ကနေတစ်ဆင့် ကစားနိုင်တဲ့ browser game အဖြစ် စတင်ထွက်ရှိခဲ့ပေမယ့် တဖြည်းဖြည်းလူကြိုက်များလာတာကြောင့် ၂၀၁၂ နိုဝင်ဘာမှာတော့ မိုဘိုင်းဗားရှင်းအဖြစ် ပြောင်းလဲပြီး ဖြန့်ချိခဲ့ပါတယ်။


မိုဘိုင်းအတွက် ဖြန့်ချိပြီးနောက်ပိုင်းမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်အရောက်မှာတော့ ကမ္ဘာတစ်ဝှမ်းကစားသူပေါင်း ၉၃ သန်းကျော်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ Candy Crush Saga စတင်ထွက်ရှိချိန်ကနေ လက်ရှိအချိန်ဝင်ငွေကတော့ ဒေါ်လာ ၅.၄၁ ဘီလျံဖြစ်ပြီး Play Store တစ်ခုတည်းမှာတင် အကြိမ်ရေ ၂.၇ ဘီလျံကျော် ဒေါင်းလုတ်ပြုလုပ်ခြင်းခံရတဲ့ဂိမ်းပဲဖြစ်ပါတယ်။


4. Clash of Clans

ဝင်ငွေအကောင်းဆုံးမိုဘိုင်းဂိမ်းစာရင်းရဲ့ နံပါတ် ၄ နေရာကဂိမ်းကတော့ မြန်မာပရိသတ်တွေကြားမှာ တော်တော်ကြီးကိုရေပန်းစားခဲ့တဲ့ Clash of Clans ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ ဖင်လန်နိုင်ငံအခြေစိုက် မိုဘိုင်းဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Supercell ရဲ့လက်ရာဖြစ်ပြီး Supercell ဟာ Bomb Beach နဲ့ Clash Royale လို နာမည်ကြီးမိုဘိုင်းဂိမ်းတွေကို ထုတ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။


Clash of Clans ကို ၂၀၁၂ ဩဂုတ်လမှာ iOS အတွက်ထုတ်လုပ်ဖြန့်ချိခဲ့ပေမယ့် အောင်မြင်မှုကြီးကြီးမားမားမရရှိခဲ့ဘဲ ၂၀၁၃ အောက်တိုဘာအရောက်မှာ Android အတွက် ဖြန့်ချိပြီးနောက်ပိုင်းမှာတော့ ဝင်ငွေဘီလျံနဲ့ချီပြီးရရှိတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ Clash of Clans ရဲ့လက်ရှိဝင်ငွေဟာ ဒေါ်လာ ၆.၄ ဘီလျံကျော်ဖြစ်ပြီး ခေတ်ကောင်းခဲ့စဉ် ၂၀၁၃ ခုနှစ် ဝန်းကျင်တွေမှာ တစ်ရက်ဝင်ငွေ ဒေါ်လာ ၂.၄ သန်းခန့်ရှိခဲ့တယ်လို့လည်း သိရပါတယ်။


3. Arena of Valor/ Honor of Kings

တရုတ်နိုင်ငံမှာ Honor of Kings လို့ခေါ်ဆိုကြတဲ့ Arena of Valor အနေနဲ့ ဒီစာရင်းထဲမှာ နံပါတ် ၃ နေရာချိတ်နေတာ တော်တော်လေးထူးဆန်းတယ်လို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာ့ဝင်ငွေအကောင်းဆုံးမိုဘိုင်းဂိမ်း ၅ ခုထဲမှာ Skin ရောင်းပြီး ဝင်ငွေရှာတဲ့ဂိမ်းက Arena of Valor တစ်ခုတည်းရှိတာကြောင့်ပါ။


ဒီဂိမ်းကို ၂၀၁၅ နိုဝင်ဘာမှာ Tencent က တရုတ်ပြည်တစ်ခုတည်းအတွက် ဖြန့်ချိခဲ့တာဖြစ်ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာ တခြားနိုင်ငံတွေအတွက်ဖြန့်ချိခဲ့ပါတယ်။ အရှေ့တောင်အာရှမှာတော့ Mobile Legends: Bang Bang လောက် နေရာမရပေမယ့် တရုတ်နိုင်ငံနဲ့ အခြားအနောက်နိုင်ငံတွေမှာတော့ တော်တော်လေးရေပန်းစားတဲ့ မိုဘိုင်း MOBA ဂိမ်းပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒေါ်လာ ၆.၇၅ ဘီလျံကျော်ဝင်ငွေရရှိထားပြီး အဲဒီဝင်ငွေရဲ့ရာခိုင်နှုန်းအများစုကတော့ တရုတ်နိုင်ငံတွင်းကရရှိတဲ့ငွေတွေဖြစ်ပါတယ်။


2. Puzzle & Dragons

ဒီဂိမ်းက Candy Crush လိုပဲ match-three puzzle ဂိမ်းဖြစ်ပြီး Candy Crush ထက် အရင်ထွက်ရှိခဲ့တယ်ဆိုပေမယ့် ဂျပန်တစ်နိုင်ငံကလွဲပြီး တခြားနိုင်ငံတွေမှာ အောင်မြင်မှုမရရှိခဲ့တဲ့ဂိမ်းပါ။ ဂျပန်အခြေစိုက် Gungho Online Entertainment ကုမ္ပဏီက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ထုတ်လုပ်ဖြန့်ချိခဲ့ပြီး ဂျပန်ပြည်တွင်းမှာ ဝင်ငွေအရ ကြောက်ခမန်းလိလိ အောင်မြင်ခဲ့ပါတယ်။


Puzzle & Dragons ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲဂိမ်းတွေကိုဆက်လက်ထုတ်လုပ်နိုင်ခဲ့ပြီး အဲဒီအထဲမှာ Super Mario နဲ့ပူးတွဲထုတ်လုပ်ထားတဲ့ ဂိမ်းလည်းပါဝင်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ၂၀၁၆ ခုနှစ်မှာ အပိုင်း ၈၉ ပိုင်းပါဝင်တဲ့ Anime Series ကိုပါ ထုတ်လုပ်ခဲ့ပါသေးတယ်။ Puzzle & Dragons ဟာ ဝင်ငွေ ဒေါ်လာ ၇.၇ ဘီလျံကျော်နဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမိုဘိုင်းဂိမ်းစာရင်းထဲမှာ နံပါတ် ၂ နေရာချိတ်တဲ့ ဂိမ်းပဲဖြစ်ပါတယ်။


1. Monster Strike

ဒီဂိမ်းကလည်း Puzzle & Dragons လိုပဲ ဂျပန်ပြည်တွင်းတစ်ခုတည်းမှာသာ အောင်မြင်ပြီး တခြားနိုင်ငံတွေမှာ လူတောင်မသိတဲ့ဂိမ်းဖြစ်ပါတယ်။ ဂျပန် Social Networking Service တစ်ခုဖြစ်တဲ့ Mixi ကထုတ်လုပ်ဖြန့်ချိတဲ့ဂိမ်းဖြစ်ပြီး ဂျပန်ပြည်တွင်းမှာအအောင်မြင်ဆုံးမိုဘိုင်းဂိမ်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ဂိမ်းလည်းဖြစ်ပါတယ်။


ဂျပန်ပြည်တွင်းမှာစံချိန်တင်အောင်မြင်ခဲ့ပေမယ့် အနောက်နိုင်ငံတွေနဲ့ အာရှနိုင်ငံတွေကို ဖြန့်ချိခဲ့တဲ့အခါမှာတော့ ထင်သလောက်လူစိတ်ဝင်စားမှုမရခဲ့တာကြောင့် အချိန်တိုအတွင်းမှာ ဂိမ်းဆာဗာတွေကို ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။ RPG, Strategy ဂိမ်းအမျိုးအစားဖြစ်ပေမယ့် Monster တွေစုရတာကတော့ ကစားသမားတွေငွေသုံးဖို့ အဓိကဆွဲဆောင်ထားတဲ့ အချက်ပဲဖြစ်ပါတယ်။


Nintendo ရဲ့ Pokemon, Capcom ရဲ့ Metal Walker ဂိမ်းတွေနဲ့ချိတ်ဆက်ထားပြီး Anime Movie ၂ ခုကိုလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒီဂိမ်းရဲ့ဝင်ငွေဟာ ဂျပန်ပြည်တွင်း တစ်ခုတည်းမှာတင် ဒေါ်လာ ၈.၁၂ ဘီလျံရှိခဲ့ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမိုဘိုင်းဂိမ်းစာရင်းရဲ့ထိပ်ဆုံးမှာ ယနေ့အချိန်အထိရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က