Twitch ရဲ့ နာမည်အကြီးဆုံး Streamer တွေကို Mixer က ခေါ်ယူသွားတာ ဒုတိယအကြိမ်ပါ။

   နာမည်ကြီး Streamer တစ်ဦးဖြစ်သူ Shroud Twitch ကိုစွန့်ခွာပြီး Mixer ကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်းဟာ ပရိသတ်တွေအများအပြားကို အံ့အားသင့်စေခဲ့ပါတယ်။


Twitch က ထိပ်တန်း Streamer တွေကို ပြိုင်ဘက်ဖြစ်တဲ့ Mixer ကခေါ်ယူသွားတာ ဒါနဲ့ဆိုရင် ၂ ယောက်ရှိပါပြီ။ ပထမတစ်ယောက်က Fortnite Streamer "Ninja" ဖြစ်ပြီး ဒုတိယတစ်ယောက်တော့ Shroud ပဲဖြစ်ပါတယ်။



         Shroud ရဲ့နာမည်အရင်းက Michael Grzesiek ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံသား Streamer တစ်ဦးပါ။ Streamer အဖြစ်အသက်မွေးဝမ်းကြောင်း မပြုခင်ကလည်း Counter Strike: Global Offensive ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် Cloud 9 မှာကစားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အရောက်မှာတော့ Cloud 9 အသင်းက ထွက်ခွာကာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စွန့်လွှတ်ပြီး အချိန်ပြည့် Streamer ဘဝကိုကူးပြောင်းခဲ့ပါတယ်။

         Streamer အဖြစ်ကူးပြောင်းလိုက်တာဟာ သူ့အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ပဲ ဆိုရမှာပါ။ အဲဒီဆုံးဖြတ်ချက်ကြောင့်ပဲ သူဟာ ဒီနေ့ဒီအချိန်မှာ ထိပ်တန်း Streamer တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ Shroud ကို PLAYERUNKNOWN'S BATTLEGROUND, CS:GO စတဲ့ဂိမ်းတွေနဲ့ လူသိများပေမယ့် ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တာ အဲဒီဂိမ်းတွေတင်မကပါဘူး။ Call Of Duty, Apex Legends, Overwatch စတဲ့ First Person Shooter ဂိမ်းတွေအပြင် Fortnite လိုဂိမ်းမျိုးကိုပါ တော်တော်လေးကောင်းမွန်စွာ ဆော့ကစားနိုင်ပါတယ်။


သူ့ Stream ကိုကြည့်သူတွေကလည်း Entertain ဖြစ်ဖို့ထက် Skill ပိုင်းကိုလာကြည့်တဲ့သူတွေများပါတယ်။ Shroud ဟာ လက်ရှိ Twitch မှာ Follower ၇ သန်းကျော်နဲ့ တတိယမြောက် Follower အများဆုံး Streamer ဖြစ်ပြီး သူ့ Channel ကို တစ်လပျမ်းမျှကြည့်ရှုသူနှုန်းဟာ ၂၇၀၀၀ ကျော်ရှိပါတယ်။ ဒီလိုထိပ်တန်း Streamer တစ်ဦးကို နောက်ထပ်လက်လွှတ်လိုက်ရတဲ့ Twitch အတွက်တော့ တော်တော်လေးကိုနစ်နာတယ်လို့ ဆိုရမှာပါပဲ။

         Shroud က Mixer ပြောင်းရွှေ့တော့မှာဖြစ်ကြောင်းကို သူ့ Twitter အကောင့်ကနေ "Same Shroud, New Home" ဆိုတဲ့ စာသားနဲ့အတူ ဗီဒီယိုကိုပါတွဲတင်ခဲ့ပါတယ်။ အဲဒီလို ကြေညာပြီး နာရီပိုင်းအကြာမှာတင် Mixer က သူ့ Channel ကို Follow ပြုလုပ်သူပေါင်းဟာ ၄ သောင်းကျော်သွားပါတယ်။ Shroud ကလည်း ပရိသတ်တွေကို Mixer ကို သူနဲ့အတူလိုက်ခဲ့ဖို့ ဖိတ်ခေါ်ကြောင်း၊ အသစ်အသစ်တွေကို ချပြသွားဖို့ရှိကြောင်း စသဖြင့်လည်း ပြောကြားခဲ့ပါသေးတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ



က္က