Half Life ကနေစတင်ခဲ့တဲ့ Counter-Strike ဂိမ်းစီးရီးဟာ မကြာသေးခင်ကမှ နှစ် ၂၀ ပြည့်ခဲ့ပြီး နောက်ဆုံးဂိမ်းဖြစ်တဲ့ Counter-Strike: Global Offensive ဟာလည်း ရှေ့ဆင့်နောက်ဆင့်ပဲ သက်တမ်းတစ်လျှောက် အွန်လိုင်းကစားသမား အများဆုံးအရေအတွက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။
Kyi Tha Maung

Half Life ကနေစတင်ခဲ့တဲ့ Counter-Strike ဂိမ်းစီးရီးဟာ မကြာသေးခင်ကမှ နှစ် ၂၀ ပြည့်ခဲ့ပြီး နောက်ဆုံးဂိမ်းဖြစ်တဲ့ Counter-Strike: Global Offensive ဟာလည်း ရှေ့ဆင့်နောက်ဆင့်ပဲ သက်တမ်းတစ်လျှောက် အွန်လိုင်းကစားသမား အများဆုံးအရေအတွက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ကစတင်ထွက်ရှိခဲ့တဲ့ Counter-Strike: Global Offensive ဂိမ်းဟာ မြန်မာပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးနေစရာမလိုအောင် Dota 2 နဲ့အပြိုင် ရေပန်းစားတဲ့ First Person Shooter ဂိမ်းတစ်ခု ဖြစ်ပါတယ်။


SteamCharts က မှတ်တမ်းတွေအရ CS:GO ဟာ မတ်လ ၁၄ ရက်နေ့မှာ အွန်လိုင်းကစားသမား အရေအတွက် ၁ သန်းကျော်ခဲ့ပြီး ဒါဟာ CS:GO အတွက်တော့ ပထမဦးဆုံးအကြိမ်အဖြစ် ကစားသမားအရေအတွက် သန်းဂဏန်းကို ရရှိခဲ့တာပါ။

CS:GO အနေနဲ့ အခုလို စံချိန်တင်ကစားသမားအရေအတွက်ကို ရရှိခဲ့တာဟာ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ကြောင့်လို့ဆိုရမှာပါ။ COVID-19 ဟာအလွယ်တကူ ကူးစက်ပြန့်ပွားနိုင်တဲ့ရောဂါပိုးဖြစ်တာကြောင့် လူစုလူဝေးတွေကိုရှောင်ကြဉ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက တိုက်တွန်းထားတာကို လူတိုင်းသိကြမှာပါ။


အဆိုပါတိုက်တွန်းချက်ကြောင့် ကူးစက်ရောဂါပြန့်ပွားပြီးနိုင်ငံတွေမှာ အလုပ်တွေ ကျောင်းတွေကို ခေတ္တပိတ်ပေးခဲ့ရပြီး ပွဲလမ်းသဘင်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ အိမ်မှာပဲ အချိန်ကုန်သူတွေ များပြားလာပြီး ဗီဒီယိုဂိမ်းကစားသူ အရေအတွက်နဲ့ ရုပ်မြင်သံကြားကြည့်သူအရေအတွက်ဟာလည်း တစ်ပြိုင်နက်တိုးတက်လာခဲ့ပါတယ်။

ထူးထူးခြားခြားသိသာသွားတာကတော့ ကစားသမားတွေကိုယ်တိုင် Dead Game လို့ စနောက်ကြတဲ့ CS:GO ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့မှာ ကစားသမားအရေအတွက် ၁၀၂၃၂၂၉ ယောက်အထိတောင် ရောက်ရှိခဲ့ပါတယ်။ CS:GO ဟာ ၂၀၁၉ ခုနှစ် တစ်နှစ်လုံးမှာ ပျမ်းမျှကစားသမား ၄သိန်းကျော်နဲ့ ကစားသမားအရေအတွက်အများဆုံး ၇သိန်း၆သောင်းကျော်သာ ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်အရောက်မှာတော့ ပျမ်းမျှကစားသမားအရေအတွက်ဟာ ၅သိန်းကျော်ဝန်းကျင်သာ ရှိနေခဲ့တာပါ။


တစ်ဆက်တည်းမှာပဲ CS:GO နဲ့အပြိုင် Steam ရဲ့ ကစားသမားအများဆုံးဂိမ်းဖြစ်တဲ့ Dota 2 ဟာလည်း ကစားသမားအရေအတွက် သိသိသာသာ တိုးတက်လာပါသေးတယ်။ ဇန်နဝါရီလမှာ ပျမ်းမျှကစားသမားအရေအတွက် ၃၇၀၀၀၀ ကျော်သာ ရှိခဲ့ပြီး လက်ရှိအချိန်မှာ ၄၁၀၀၀၀ ကျော်သွားပြီဖြစ်တာကြောင့် တစ်လအတွင်းမှာ ကစားသမားအရေအတွက် ၄၀၀၀၀ ခန့်တိုးမြင့်လာခဲ့တာဖြစ်ပါတယ်။

COVID-19 ကြောင့် ကစားသမားအရေအတွက် တိုးတက်လာခဲ့ပေမယ့် Dota 2 Major ပြိုင်ပွဲ ၂ ခုကိုဖျက်သိမ်းခဲ့ရပြီး CS:GO ပြိုင်ပွဲတွေကိုလည်း ပရိသတ်မပါဘဲကျင်းပခဲ့ရပါတယ်။ Dota 2 ကတော့ Major ပြိုင်ပွဲတွေကို ပြတ်ပြတ်သားသားဖျက်သိမ်းခဲ့ပေမယ့် CS:GO ကတော့ ESL Pro League Season 11: Europe နဲ့ Flashpoint Season 1 ပြိုင်ပွဲတွေကို မဖျက်သိမ်းသေးဘဲ အွန်လိုင်းကနေဆက်လက်ကျင်းပလျက်ရှိကြောင်း သိရပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ


Author


က္က