Ninjas In Pyjamas Dota 2 အသင်းဟာ WePlay! Bukovel Minor 2020 ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် ကစားသမားအပြောင်းအလဲပြုလုပ်ဖို့အတွက် Carry ကစားသမား Gunnar ကိုအသင်းမှထုတ်ပယ်လိုက်ပါတယ်။
TI9 အလွန်မှာ ကစားသမားအသစ် ၄ ဦးအထိခေါ်ယူပြီး ပြန်လည်ဖွဲ့စည်းထားတဲ့ NiP အသင်းဟာ ယခုအချိန်အထိ ပြောပလောက်တဲ့အောင်မြင်မှုမျိုးမရသေးဘဲ ရလဒ်တွေက တဖြည်းဖြည်းပိုဆိုးလာတာကြောင့် အခုလိုကစားသမားအပြောင်းအလဲတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။
NiP အသင်းဟာ WePlay! Bukovel Minor မတိုင်ခင်ကမှ Skiter ကို အသင်းမှထုတ်ပယ်ပြီး အင်္ဂလန်နိုင်ငံသား TANNER နဲ့အစားထိုးခဲ့ကာ Gannar ကတော့ အသင်းကနေထုတ်ပယ်ခံရတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။
Gunnar ရဲ့နာမည်အရင်းက Nico Lopez ဖြစ်ပြီး အသက် ၂၀ သာရှိသေးတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးပါ။ Dota 2 ပရော်ဖက်ရှင်နယ်ကစားသမားဘဝခရီးလမ်းကို ၂၀၁၈ နှစ်ဆန်းပိုင်းလောက်ကတည်းက စတင်လျှောက်လှမ်းခဲ့ပြီး Eternal Envy တို့ပါဝင်တဲ့ Flying Penguins အသင်းကိုရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာတော့ ပရိသတ်သတိထားမိတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။
Flying Penguins ကထွက်ခွာပြီးတဲ့နောက်ပိုင်းမှာလည်း Team Team, Chaos Esports Club တို့မှာခြေဆန့်ခဲ့ပြီး နောက်ဆုံးမှာတော့ NiP အသင်းကိုရောက်ရှိလာခဲ့ပါတယ်။ မူလက Midlaner တစ်ဦးဖြစ်ပေမယ့် NiP အသင်းက Skiter ကိုထုတ်ပြီး TANNER ရောက်ရှိလာတဲ့အခါမှတော့ Carry Role ကိုပြောင်းကစားခဲ့ပါတယ်။
Gunnar တစ်ယောက် Carry ပြောင်းကစားတဲ့ပထမဦးဆုံးပြိုင်ပွဲဖြစ်တဲ့ WePlay! Bukovel Minor ပြိုင်ပွဲမှာ NiP အသင်းဟာ အုပ်စုအဆင့်မှာတင် နိုင်ပွဲတစ်ပွဲမှမရရှိခဲ့ဘဲ ပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရပါတယ်။ အဲဒီပြိုင်ပွဲမှာ ရရှိခဲ့တဲ့ရလဒ်ဟာ Gunnar နဲ့ NiP တို့လက်တွဲဖြုတ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းပါပဲ။
အခုဆိုရင် NiP Dota 2 အသင်းမှာ TANNER, Universe, Biver နဲ့ PPD တို့သာ ကျန်ရှိခဲ့ပြီး လာမယ့် Major Qualifier အမီ ကစားသမားအသစ်ကို ရှာဖွေသွားမှာဖြစ်တယ်လို့သိရပါတယ်။ NiP ဟာ ကစားသမားအပြောင်းအလဲတင် ပြုလုပ်ခဲ့တာမဟုတ်ဘဲ အခြေစိုက်ရာ Region အပြောင်းအလဲကိုပါပြုလုပ်ခဲ့တာပါ။
TI9 အလွန်မှာ North America ကိုယ်စားပြုအသင်းအဖြစ်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး လာမယ့် Major Qualifier ကစတင်ပြီး Europe မှာပဲယှဉ်ပြိုင်သွားတော့မှာပဲဖြစ်ပါတယ်။ အသင်းခေါင်းဆောင် PPD ကတော့ အသင်းရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး "Minor ပြိုင်ပွဲတွေမှာတောင် အဆင့်ဘိတ်ချေးရနေရင် အောင်မြင်မှုဆိုတာကို ဘယ်တော့မှရလာမှာမဟုတ်ပါဘူး.. Qualifier တွေ ပြိုင်ပွဲတွေ အနားနီးမှ ၁ ပတ်လောက်စခန်းသွင်းလေ့ကျင့်တာမျိုးကိုဆက်မလုပ်တော့ဘဲ Europe ကိုပြောင်းပြီး Europe နဲ့ CIS ကအကောင်းဆုံးအသင်းတွေနဲ့ အမှန်အကန်လေ့ကျင့်ပြီး ရလဒ်တိုးတက်လာရေးအတွက်ပဲ အာရုံစိုက်သွားတော့မှာပါ" လို့ပြောကြားခဲ့ပါတယ်။
အသင်းကြီးနည်းပါးတဲ့ North America Region မှာတောင် မအောင်မြင်ခဲ့တဲ့ NiP အနေနဲ့ Europe လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ Region မျိုးမှာ ဘယ်လိုရုန်းကန်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
Written by Myo Thant Kyaw