၂၀၂၀ ခုနှစ်ရဲ့ အကြီးဆုံး Counter-Strike: Global Offensive ပြိုင်ပွဲဖြစ်တဲ့ ESL One Rio Major ပြိုင်ပွဲကို မေလထဲမှာကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် COVID-19 ပြန့်ပွားမှုကိုထိထိရောက်ရောက်မထိန်းသိမ်းနိုင်သေးတဲ့ပြဿနာကြောင့် နိုဝင်ဘာလအထိနောက်ဆုတ်လို့သွားခဲ့ပါပြီ။
Kyi Tha Maung

၂၀၂၀ ခုနှစ်ရဲ့ အကြီးဆုံး Counter-Strike: Global Offensive ပြိုင်ပွဲဖြစ်တဲ့ ESL One Rio Major ပြိုင်ပွဲကို မေလထဲမှာကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် COVID-19 ပြန့်ပွားမှုကိုထိထိရောက်ရောက်မထိန်းသိမ်းနိုင်သေးတဲ့ပြဿနာကြောင့် နိုဝင်ဘာလအထိနောက်ဆုတ်လို့သွားခဲ့ပါပြီ။


Dota 2 မှာ The International နဲ့ League of Legends မှာ World Championship ပြိုင်ပွဲတွေက အကြီးမားဆုံးဖြစ်ကြသလို CS:GO မှာလည်း Major ပြိုင်ပွဲတွေက အကြီးဆုံးပြိုင်ပွဲဖြစ်ပြီး မတူညီတဲ့အချက်ကတော့ CS:GO Major ပြိုင်ပွဲဟာ တစ်နှစ်မှာ ၂ ခါကျင်းပလေ့ရှိတာပဲဖြစ်ပါတယ်။


ESL One Rio Major ဟာ CS:GO ပရိသတ်အများဆုံးရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးမှာ ပထမဦးဆုံးကျင်းပတဲ့ Major ပြိုင်ပွဲဖြစ်ပြီး မေလ ၂ ရက်နေ့မှာစတင်ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။ သို့ပေမယ့် ကမ္ဘာ့ကပ်ရောဂါတစ်ခုအဖြစ်ကြေညာထားရတဲ့ COVID-19 လက်ရှိပြန့်ပွားမှုဟာ အင်အားကောင်းနေဆဲ အခြေအနေမှာ ရှိတာကြောင့် ကျင်းပဖို့ တစ်လခန့်သာလိုတော့တဲ့ ပြိုင်ပွဲကိုဖျက်သိမ်းဖို့ ပွဲစီစဉ်သူ ESL One က ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ Dota 2, CS:GO တို့ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Valve ဟာ ပုံမှန်တစ်နှစ်ကို CS:GO Major ပြိုင်ပွဲ ၂ ခု ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ပထမဦးဆုံး Major ဖြစ်တဲ့ ESL One Rio ကို နှစ်ကုန်ပိုင်းအထိ နောက်ဆုတ်လိုက်ရတာကြောင့် ဒုတိယမြောက် Major ကို မကျင်းပဖြစ်တော့ကြောင်းကိုပါ ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။


ဒုတိယမြောက် Major မကျင်းပဖြစ်တော့ပေမယ့် အဲဒီကချီးမြှင့်မယ့် ဆုကြေးငွေဒေါ်လာ ၁ သန်းကို ပထမ Major ဆုကြေးထဲကို ပေါင်းပေးသွားမှာဖြစ်တာကြောင့် ESL One Rio ဟာ CS:GO သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် ဆုကြေးငွေ ဒေါ်လာ ၂ သန်းချီးမြှင့်တဲ့ပြိုင်ပွဲဖြစ်လာမှာပဲဖြစ်ပါတယ်။

ESL One Rio ပြိုင်ပွဲဟာ နိုဝင်ဘာ ၉ ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီး Regional Qualifier ပြိုင်ပွဲတွေကျင်းပမယ့်ရက်ကိုတော့ ESL ဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ပွဲချိန်နောက်ဆုတ်သွားပေမယ့် လက်မှတ်ဝယ်ယူထားပြီးသူတွေအနေနဲ့ စိတ်ပူစရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။


ESL One Rio Major မှာ StarLadder Berlin 2019 Major ပြိုင်ပွဲရဲ့ ထိပ်ဆုံး ၁၄ သင်းက ဝင်ရောက်ယှဉ်ပြိုင်ခွင့် အစောဆုံးရရှိထားတဲ့ အသင်းတွေဖြစ်ပြီး အဲဒီဝင်ခွင့်နေရာကိုထိန်းထားချင်ရင်တော့ ပြိုင်ပွဲကျင်းပမယ့် နိုဝင်ဘာလအထိ အသင်းရဲ့လက်ရှိလူစာရင်းကိုအပြောင်းအလဲမပြုဘဲနေရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ CS:GO LAN ပြိုင်ပွဲအားလုံးကို ဖျက်သိမ်းလိုက်ပြီး Flashpoint Season 1 နဲ့ ESL Pro League Season 11: Europe ပြိုင်ပွဲတွေကိုတော့ အွန်လိုင်းကနေ ဆက်လက်ကျင်းပလျက်ရှိပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ


က္က