Dota 2 ရဲ့အကြီးမားဆုံးနှစ်ပတ်လည်ပြိုင်ပွဲကြီးအတွက် အချိန်ဇယားတွေ ထွက်ပေါ်လာပါပြီ။

ကမ္ဘာ့ဆုကြေးငွေအများဆုံး Esports ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Dota 2 The International 2019 အတွက် အချိန်ဇယားတွေ ထုတ်ပြန်လာပါတယ်။


The International ဆိုတာ Valve ကနေ နှစ်စဉ်ကြီးမှူးကျင်းပတဲ့ အကြီးမားဆုံးနဲ့ ဆုကြေးငွေအများဆုံး Dota2 Tournament ကြီးပဲဖြစ်ပါတယ်။ The International မှာဗိုလ်စွဲရေးဟာ ပရော်ဖက်ရှင်နယ်ကစားသမားတွေအတွက် ပန်းတိုင်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်လည်း အသင်းတိုင်းဟာ The International ပြိုင်ပွဲကို ဝင်ခွင့်ရဖို့အတွက် တစ်နှစ်တာပတ်လုံး ကြိုးပမ်းနေရခြင်း ဖြစ်ပါတယ်။

The International ပြိုင်ပွဲကို 2011 ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့တာဟာ ယခု 2019 အထိပါပဲ။ ဆုကြေးငွေများဟာလည်း တစ်နှစ်ထက်တစ်နှစ် ပိုများလာခဲ့တာဟာ 2011 ခုနှစ် The International မှာ ဒေါ်လာတစ်သန်းချီးမြှင့်ခဲ့ရာကနေ နောက်ဆုံးကျင်းပခဲ့တဲ့ 2018 The International မှာ ဒေါ်လာ ၂၅ သန်းကျော်အထိချီးမြှင့်နိုင်ခဲ့ပါတယ်။


ဒီနှစ်ကျင်းပမယ့် The International 9 မှာ အသင်းပေါင်း ၁၈ သင်းပါဝင်ယှဉ်ပြိုင်ကြမှာပါ။ အဲဒီထဲက ၁၂ သင်းစာနေရာကို DPC အမှတ်နဲ့တိုင်းကာ တိုက်ရိုက်ဝင်ခွင့်ပေးမှာဖြစ်ပြီး လစ်လပ်နေတဲ့ ၆ သင်းစာနေရာကိုတော့ Regional Qualifier တွေကနေတစ်ဆင့် ခေါ်ယူမှာဖြစ်ပါတယ်။ ဖိတ်ခေါ်မယ့် ၁၂ သင်းမှာ ၈ သင်းက ဝင်ခွင့်ရဖို့ လုံးဝသေချာသွားပြီဖြစ်ပြီး ကျန် ၄ သင်းစာကတော့ မကြာခင်ကျင်းပမယ့် Epicentre Major ပြိုင်ပွဲပြီးမှသာ အဖြေပေါ်မှာဖြစ်ပါတယ်။ လောလောဆယ်ဝင်ခွင့်သေချာနေတဲ့ ၈ သင်းကတော့ Team Secret, Virtus Pro, Evil Geniuses, Fnatic, PSG.LGD, Team Liquid နဲ့ Ninjas In Pyjamas တို့ပဲဖြစ်ပါတယ်။

Valve ကလည်း မကြာသေးခင်ကမှ ပြိုင်ပွဲကျင်းပမယ့် အချိန်ဇယားတွေကို ထုတ်ပြန်လိုက်ပါတယ်။ Qualifier တွေကိုတော့ ကိုယ်နေထိုင်ရာဒေသအလိုက် စာရင်းပေးသွင်းပြီး ဝင်ရောက်ယှဉ်ပြိုင်ကစားရမှာပါ။ ပထမဦးဆုံးအဆင့်ဖြစ်တဲ့ Open Qualifier ကို ဇူလိုင်လ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိဆော့ကစားရမှာဖြစ်ပြီး အဲဒီကနေနိုင်တဲ့သူတွေက တိုက်ရိုက်ဖိတ်ခေါ်ခံရတဲ့ အသင်းအချို့နဲ့ ပြန်လည်ယှဉ်ပြိုင်ရဦးမယ့် Regional Qualifier ကိုတော့ ဇူလိုင်လ ၈ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ဆော့ကစားသွားရမှာပဲဖြစ်ပါတယ်။


တကယ့်ပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့်ယှဉ်ပြိုင်မှုတွေကို သြဂုတ်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဆော့ကစားရမှာဖြစ်ပြီး အုပ်စုအဆင့်ကိုကျော်နိုင်ခဲ့တဲ့အသင်းတွေ ယှဉ်ပြိုင်ရမယ့် Main Event (ရှုံးထွက်အဆင့်များ) ကိုတော့ သြဂုတ်လ ၂၀ ရက်နေ ၂၅ ရက်နေ့အထိ ဆော့ကစားသွားမှာပဲဖြစ်ပါတယ်။


The International 9 ပြိုင်ပွဲကြီးကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာရှိတဲ့ Mercedes Benz Arena မှာကျင်းပသွားမှာပါ။ လောလောဆယ် ဆုကြေးဟာလည်း ဒေါ်လာ ၁၉ သန်းကျော်နေပြီဖြစ်ပြီး ပြိုင်ပွဲကြီးကျင်းပဖို့ နှစ်လနီးပါးလိုသေးတာကြောင့် Valve တို့ ဒီနှစ်မှာ သူတို့မျှော်မှန်းထားတဲ့ ဒေါ်လာသန်း ၃၀ ဆုကြေးအထိရောက်အောင် တွန်းပို့သွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။


Written by Myo Thant Kyaw



က္က