ချန်ပီယံဆုနဲ့ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ Fnatic CSGO အသင်းဟာ သူတို့ရဲ့ ကံဆိုးမှုကို ရပ်တန့်နိုင်ခဲ့ပါပြီ။

    အောက်တိုဘာလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ DreamHack Masters Malmo 2019 မှာတော့ ဆုဖလားနဲ့အတူ တွဲမတွေ့ရတာကြာပြီဖြစ်တဲ့ Fnatic အသင်းက ဗိုလ်စွဲခဲ့ပါတယ်။


Fnatic ဟာ CS:GO အသင်းထဲမှာ တော်တော်လေး လက်စွမ်းမတည်ငြိမ်တဲ့ အသင်းဖြစ်သလို လူစာရင်း အပြောင်းအလဲ ခဏခဏပြုလုပ်ရတဲ့အသင်းလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ လက်စွမ်းပြန်ထလာပြီလို့ ဆိုရမှာဖြစ်ပြီး လအတော်ကြာဝေးကွာနေခဲ့တဲ့ ဆုဖလားတစ်ခုကို ရယူပိုင်ဆိုင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။



         DreamHack Masters Malmo 2019 ဟာ ဆုကြေးအများကြီးပေးတဲ့ ပြိုင်ပွဲမဟုတ်ပေမယ့် ချန်ပီယံဖြစ်တဲ့အသင်းဟာ IEM Katowice 2020 မှာနေရာတစ်နေရာ ရရှိမှာဖြစ်တာကြောင့် ပါဝင်ယှဉ်ပြိုင်တဲ့အသင်းတွေကတော့ ကြောက်စရာပါ။


Team Liquid, Astralis တို့လို့ CS:GO World Ranking ထိပ်ဆုံးကနှစ်သင်းအပြင် Evil Geniuses, Vitality, ENCE တို့လို့ လက်ရှိအချိန်မှာ လက်စွမ်းပြနေတဲ့အသင်းတွေပါဝင်ခဲ့ပါတယ်။ အသင်း အပြည့်အစုံကိုတော့ အောက်ကပုံမှာ ကြည့်ရှုနိုင်ပါတယ်။

         ဒီ DreamHack Masters Malmo 2019 ပြိုင်ပွဲမှာ ထူးခြားချက်တစ်ခုကို ပြပါဆိုရင်တော့ Grayhound ကိုလက်ညှိုးထိုးပြရမှာပါ။ Grayhound ဟာ အံ့သြစရာလက်စွမ်းနဲ့အတူ CS:GO World Rank 1 ရှိတဲ့ Team Liquid နဲ့ Rank 4 ရှိတဲ့ Evil Geniuses အသင်းတို့ကို ပြိုင်ပွဲကနေထွက်ခွာသွားရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။


ဒါပေမယ့် Lower Bracket Final မှာတော့ Mousesports ကို ရှုံးနိမ့်ခဲ့တာကြောင့် Playoff အဆင့်ကိုမရောက်လိုက်ဘဲ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ အသင်းကြီးနှစ်သင်းကို အိမ်ပြန်ပို့ခဲ့တဲ့ လက်စွမ်းကြောင့် စက်တင်ဘာလမှာ Rank 28 ရှိခဲ့ရာကနေ အောက်တိုဘာလမှာတော့ World Rank 18 ထိကို ခုန်ပျံကျော်လွှားပြီးရောက်ရှိသွားခဲ့ပါတယ်။

         Grand Final မှာတော့ Fnatic အသင်းနဲ့ Vitality တို့တွေ့ဆုံခဲ့ပြီး Fnatic အသင်းက 2:1 ရလဒ်နဲ့အနိုင်ရရှိကာ ချန်ပီယံဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။ Map တစ်ခုချင်းစီပြောပြရမယ်ဆိုရင်တော့ ပထမ Map ဖြစ်တဲ့ Dust II မှာ Vitality က Fnatic ကို 16:14 နဲ့အနိုင်ရရှိခဲ့ပြီး၊ ဒုတိယ Map ဖြစ်တဲ့ Inferno မှာ Fnatic က 19:16 ရလဒ်နဲ့လည်းကောင်း တတိယ Map Mirage မှာ 16:13 နဲ့လည်းကောင်း နှစ်ပွဲဆက်အနိုင်ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ Fnatic အသင်း ချန်ပီယံဖြစ်သွားခဲ့ပေမယ့် ပြိုင်ပွဲတစ်ခုလုံးရဲ့ MVP(most valuable player) ဆုကိုတော့ Vitality အသင်းက ZywOo က ရရှိသွားခဲ့ပါတယ်။


         DreamHack Masters Malmo 2019 ပြိုင်ပွဲဟာ ဆုကြေးငွေ ဒေါ်လာ ၂၅၀၀၀၀ ချီးမြှင့်တဲ့ပြိုင်ပွဲဖြစ်ပြီး ချန်ပီယံဆုရရှိတဲ့ Fnatic အသင်းက ဒေါ်လာ ၁၀၀၀၀၀ နဲ့ IEM Katowice 2020 ဝင်ခွင့်တစ်နေရာကိုရရှိခဲ့ပြီး ဒုတိယနေရာက Vitality ကတော့ ဆုကြေးငွေ ဒေါ်လာ ၅၀၀၀၀ နဲ့သာ ကျေနပ်ခဲ့ရပါတယ်။


Written by Myo Thant Kyaw



ဆက်စပ်အကြောင်းအရာများ



က္က