၂၀၁၅ ခုနှစ်တည်းက ရုပ်ရှင်အဖြစ်ထွက်ရှိဖို့ကြေညာထားပေမယ့် ဒါရိုက်တာမရှိလို့ ၅ နှစ်ခန့် ကြန့်ကြာနေခဲ့တဲ့ Borderlands ကတော့ နောက်ဆုံးမှာ တာဝန်ယူရိုက်ကူးမယ့်ဒါရိုက်တာ ရရှိလို့သွားခဲ့ပါပြီ။
Kyi Tha Maung

၂၀၁၅ ခုနှစ်တည်းက ရုပ်ရှင်အဖြစ်ထွက်ရှိဖို့ကြေညာထားပေမယ့် ဒါရိုက်တာမရှိလို့ ၅ နှစ်ခန့် ကြန့်ကြာနေခဲ့တဲ့ Borderlands ကတော့ နောက်ဆုံးမှာ တာဝန်ယူရိုက်ကူးမယ့်ဒါရိုက်တာ ရရှိလို့သွားခဲ့ပါပြီ။

Borderlands ဟာ Gearbox Softwareကထုတ်လုပ်တဲ့ First-Person Shooter ဂိမ်းဖြစ်ပြီး စတင်ထွက်ရှိတဲ့ ၂၀၀၉ ခုနှစ်ကနေ လက်ရှိအချိန်အထိ အောင်မြင်မှုမြောက်များစွာကိုရယူထားနိုင်တဲ့အပြင် ပရိသတ်ပမာဏအများအပြားကိုလည်း ပိုင်ဆိုင်ထားတဲ့ ဂိမ်းစီးရီးပါ။




ဒီလိုအောင်မြင်ပြီးသား ဂိမ်းတစ်ခုဖြစ်တဲ့ Borderlands ရဲ့ရုပ်ရှင်ကို ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Lionsgate က ထုတ်လုပ်သွားမှာဖြစ်ပြီး Spider-Man: Into the Spider-verse ရဲ့ပရိုဂျူဆာဖြစ်သူ Avi Arad, Ari Arad နဲ့ Erik Feig တို့က ဒီရုပ်ရှင်ရဲ့ပရိုဂျူဆာများအဖြစ် တာဝန်ယူသွားမှာပဲဖြစ်ပါတယ်။


ဒီ Borderlands ရုပ်ရှင်ကို တာဝန်ယူရိုက်ကူးသွားမယ့် ဒါရိုက်တာကတော့ Cabin Fever, Hostel တို့လို Horror ရုပ်ရှင်တွေနဲ့ လူသိများခဲ့တဲ့ Eli Roth ပဲဖြစ်ပါတယ်။ Eli Roth ဟာ Horror ရုပ်ရှင်တွေအပြင် Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ Knock Knock, အက်ရှင်မင်းသားကြီး Bruce Wills ပါဝင်သရုပ်ဆောင်ထားတဲ့ Death Wish တို့လိုရုပ်ရှင်တွေကိုလည်း ရိုက်ကူးခဲ့သူပါ။

Borderlands ဟာ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေနဲ့ ကြမ်းတမ်းတဲ့ စကားအသုံးအနှုန်းတွေကြောင့် PEGI 18 အဖြစ် Rating သတ်မှတ်ထားရတဲ့ဂိမ်းဖြစ်ပြီး ဒီလိုဂိမ်းမျိုးကိုရုပ်ရှင်အဖြစ် အသက်သွင်းရာမှာ ခပ်ကြမ်းကြမ်း Horror ဇာတ်ကားတွေနဲ့အကျွမ်းတဝင်ရှိတဲ့ Eli Roth လိုဒါရိုက်တာကို ရွေးချယ်ခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ ဆိုရမှာပါ။


ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းကိုရေးသားမယ့်သူကလည်း HBO ကထုတ်လွှင့်ခဲ့တဲ့ Chernobyl ရုပ်သံစီးရီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်ပြီး အဲဒီစီးရီးနဲ့ပဲ Emmy ဆု ၂ ဆုရရှိထားတဲ့ ဇာတ်ညွှန်းဆရာ Craig Mazin က ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားပေးမှာ ဖြစ်တာကြောင့် ဇာတ်လမ်းပိုင်းကို အတိုင်းအတာတစ်ခုအထိတော့ မျှော်လင့်လို့ရမှာပါ။


 Borderlands ရုပ်ရှင်နဲ့ပတ်သတ်ပြီး သိရသမျှကတော့ ဒီလောက်သာဖြစ်ပြီး ဘယ်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်မယ်၊ ဘယ်နှစ်ထဲမှာထွက်ရှိလာမယ့် စတဲ့အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဇာတ်လမ်းပိုင်းကို အရင်ထွက်ရှိခဲ့ပြီးသားဂိမ်းတွေအပေါ် အခြေခံသွားမှာလား ဒါမှမဟုတ် Borderlands ဇာတ်လမ်းတည်ရာ Pandora ကမ္ဘာအတွင်းမှာဖြစ်ပျက်နေတဲ့ အခြားသောအကြောင်းအရာတစ်ခုကို Spin-off ဆန်ဆန် တင်ဆက်သွားမလား ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။


Written by Myo Thant Kyaw



ဆက်စပ်အကြောင်းအရာများ


Author

  • Kyi Tha Maung

က္က