Dota 2 ဂိမ်းရဲ့ အမြင့်ဆုံးပြိုင်ပွဲ The Internationals တိုက်ရိုက်ဝင်ခွင့်အတွက် နောက်ဆုံးအဆုံးအဖြတ်ပေးမယ့် ပြိုင်ပွဲ Epicenter ကိုသုံးသပ်ခြင်း။

နှစ်ပတ်လည် Dota 2 ပြိုင်ပွဲ The Internationals ကို တိုက်ရိုက်ဝင်ခွင့်ရဖို့ အရေးပါတဲ့ Epicenter Major ကို စတင်တော့မှာပါ။


2018-19 DPC Season ရဲ့ နောက်ဆုံးမေဂျာလည်းဖြစ် The International 9 ရဲ့ဝင်ခွင့်နေရာ တော်တော်များများကို အဆုံးအဖြတ်ပေးမယ့် Epicenter Major ဟာ မကြာခင် အချိန်တိုအတွင်းမှာ စတင်တော့မှာပါ။ Epicenter Major ပြိုင်ပွဲကြီးကို ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး စုစုပေါင်းဆုကြေးငွေဒေါ်လာတစ်သန်းနဲ့ DPC အမှတ် ၁၅၀၀၀ တို့ကို ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။

                               

ယှဉ်ပြိုင်မယ့်ပုံစံဟာလည်း အခြား Dota2 ပြိုင်ပွဲတွေနည်းတူ အစပိုင်းမှာ အုပ်စုအဆင့် ကစားရမယ်၊ ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းကလည်း ၁၆ သင်းတောင်ဆိုတော့ အုပ်စုကို ၄ ခုခွဲပြီး ဆော့ကစားရမှာပဲဖြစ်ပါတယ်။ အုပ်စုအဆင့်ပြီးလို့ အုပ်စုဇယားအပေါ်ဆုံးနှစ်သင်းက Upper Bracket ကို တက်ရောက်ခွင့်ရမှာဖြစ်ပြီး၊ အောက်နှစ်သင်းကတော့ Lower Bracket ကနေသာ ဆော့ကစားခွင့်ရမှာပါ။ Lower Bracket Round 1 (BO1) နဲ့ Grand Final (BO5) ကလွဲလို့ ကျန်ပွဲများအားလုံးကို BO3 ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။


Epicenter Major ပွဲများကို ဇွန်လ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄:၃၀ ခန့်မှာ စတင်ဆော့ကစားသွားမှာပဲဖြစ်ပါတယ်။


Group A

(Team Secret, Fnatic, Pain, RNG)


ဒီ Group မှာ အုပ်စုဗိုလ်ဖြစ်ဖို့ အခွင့်အရေးအများဆုံးကတော့ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး Dota2 အသင်းလို့ ဆိုနိုင်တဲ့ Team Secret ပါပဲ။ ဒါပေမယ့် ကျန်တဲ့အသင်းတွေကလည်း ခေသူမဟုတ်တဲ့အတွက် လွယ်လွယ်နဲ့တော့ဖြစ်နိုင်မှာမဟုတ်ပါဘူး။ အောက်မှာတစ်သင်းချင်းစီအကြောင်းကို ပြောပြပေးသွားပါမယ်။

Team Secret


2019 နှစ်စကတည်းကနေ အခုအချိန်အထိ ပြိုင်ပွဲတော်တော်များများရဲ့ ပထမနေရာကို ရယူထားနိုင်တဲ့ Team Secret ကိုတော့ လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းလို့ပြောရင် မလွန်ပါဘူး။ အသင်းခေါင်းဆောင် Puppey ရဲ့ဦးဆောင်မှုနဲ့အတူ အသင်းသားအားလုံးကလည်း အစွမ်းကုန်တောက်ပနေပါတယ်။ ဒါပေမယ့် Team Secret က ပြိုင်ပွဲတိုင်းလိုလို အုပ်စုအဆင့်မှာ အနည်းငယ် ရုန်းကန်ရလေ့ရှိတာကြောင့် အခြားအသင်းတွေလည်း အခွင့်အရေးရသွားနိုင်ပါသေးတယ်။


Fnatic


မကြာသေးခင်ကမှ 10K MMR ကိုပြန်လည်ရောက်ရှိသွားတဲ့ Abed အပါအဝင် အခြား အာရှသားလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Fnatic ကတော့ ချန်ပီယံဆုကို စိန်ခေါ်ဖို့ အခွင့်အရေးနည်းတယ် ဆိုပေမယ်လို့ ဖျက်မြင်းအသင်းအနေနဲ့ ပြိုင်ဘက်တွေကို တော်တော်ကြီးဒုက္ခပေးသွားမယ့်အသင်းပါ။ Fnatic က SEA အသင်းတွေထဲမှာမှ TI9 ဝင်ခွင့်ကို အစောဆုံးရရှိထားတဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲကတော့ ဆုကြေးအတွက် ဆော့ရမှာပါ။ သိပ်ပြီးဖိအားမရှိဘူးလို့ ပြောရမှာပါပဲ။


RNG


TI7 တုန်းက အံ့သြစရာလက်စွမ်းတွေနဲ့အတူ အင်အားကြီးအသင်းဖြစ်ခဲ့တဲ့ LFY အသင်းရဲ့ ကစားသမားအဟောင်းတစ်ချို့နဲ့ ဖွဲ့စည်းထားတဲ့ RNG ကိုတော့ ဝါရင့်ကစားသမားကြီး LamN ကဦးဆောင်ပြီး ထွက်ရှိလာပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်ကတော့ အခုအချိန်ထိ အားရစရာမကောင်းသေးဘူး ဆိုပေမယ့် စောင့်ကြည့်သင့်တဲ့အသင်းတစ်သင်းပါပဲ။


Pain Gaming


Pain Gaming ဟာ Epicenter ရဲ့ အိမ်ဖြည့်အသင်းပါလို့ စိတ်မကောင်းစွာနဲ့ပြောပါရစေ။ ပြိုင်ပွဲတိုင်းလိုလို မျက်နှာပန်းမလှခဲ့တဲ့ တောင်အမေရိကအသင်းတွေ ဒီအိပ်မက်ဆိုးကြီးကနေ ရုန်းထဖို့အတွက် အဖြေတစ်ခုတော့ အမြန်ဆုံးရှာဖို့လိုနေပြီလို့ ထင်ပါတယ်။ Pain Gaming ကတော့ ခါတိုင်းလိုပဲ Lower Bracket မှာတင် အိမ်လှည့်ပြန်ရဖို့ ရာခိုင်နှုန်းတော်တော်များပါတယ်။




Group B

(Evil Geniuses, Team Liquid, Infamous, Gambit)


ဒီ Group က Group A ထက်စာရင် ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်မယ့် Group ပါ။ Group Stage မှာ အမြဲတမ်းလိုလို လက်စွမ်းပြတတ်တဲ့ EG ပဲ အုပ်စုဗိုလ်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

Evil Geniuses


ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီအသင်းကတော့ အကောင်းဆုံးလက်စွမ်းတွေကို ပိုင်ဆိုင်ထားပေမယ့် ကံကြမ္မာရဲ့မျက်နှာသာမပေးမှုကြောင့် ပြိုင်ပွဲတိုင်းလိုလိုမှာ တတိယအဆင့်နဲ့သာ ကျေနပ်နေရတဲ့ အသင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် Top Tier အသင်းကြီးတစ်သင်းဖြစ်တယ် ဆိုတာကိုတော့ သံသယဖြစ်စရာတောင် မလိုပါဘူး။ ဒီပြိုင်မှာသူတို့ရဲ့ တတိယဆုကျိန်စာကို ပယ်ဖျက်ပြီး ချန်ပီယံဖြစ်မလား ဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါ။


Team Liquid


မကြာသေးခင်ကမှ သက်တော်ရှည်ကစားသမား Matumbaman ကိုအသင်းကနေထုတ်ပြီး Dota2 Pro Scene ကနေ အနည်းငယ်ခြေရာဖျောက်နေတဲ့ W33 နဲ့အစားထိုးထားတဲ့ အသင်းပဲဖြစ်ပါတယ်။ Liquid အတွက်တော့ ဒီပြိုင်ပွဲဟာ လူစာရင်းအသစ်နဲ့ဆော့ကစားရမယ့် ပထမဦးဆုံးပြိုင်ပွဲဖြစ်သလို W33 ကို ခေါ်ယူထားတာကလည်း ရက်ပိုင်းသာရှိသေးတာကြောင့် အထိုင်မကျသေးတဲ့ ပြဿနာတွေနဲ့ အနည်းငယ် ရုန်းကန်ရနိုင်ပါတယ်။ Liquid ဘယ်အဆင့်ထိရောက်မလဲဆိုတာထက် W33 အနေနဲ့ ဘယ်လို Playstyle တွေနဲ့ ဆော့မလဲဆိုတာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။


Infamous


ဒီအသင်းကိုလည်း နောက်ထပ် အိမ်ဖြည့်တောင်အမေရိကအသင်းလို့ပြောမှာပါပဲ။ များများစားစာ းမှတ်ချက်မပေးတော့ပါဘူး။


Gambit


CIS Dota2 Pro Scene မှာ VP ကလွဲလို့ အားရဖွယ်ကောင်းတဲ့ အသင်းမရှိခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ အဲဒီကွက်လပ်ကို ဖြည့်ပေးလိုက်တာကတော့ Gambit ပဲဖြစ်ပါတယ်။ VP ရဲ့ကစားသမားဟောင်းကြီး FNG ဦးဆောင်တဲ့ ဒီအသင်းဟာ မကြာသေးခင်ကမှ အံ့သြစရာလက်စွမ်းနဲ့အတူ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ အသင်းပဲဖြစ်ပါတယ်။ TI9 ဝင်ခွင့်ရဖို့ DPC အမှတ်လည်း အသည်းအသန်လိုအပ်နေတာကြောင့် ဒီပြိုင်ပွဲမှာ ခရီးဘယ်လောက်ပေါက်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။


Group C

(Virtus Pro, Alliance, Forward Gaming, Vici Gaming)


ဒီ Group မှာလည်း အသင်းကြီးနှစ်သင်းအပြင် DPC အမှတ်လိုအပ်နေတဲ့ အသင်းတွေ ပါဝင်နေတာကြောင့် ကြည့်လို့ကောင်းဦးမှာပါပဲ။

Virtus Pro


လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ VP ကတော့ ခြေချော်လက်ချော် ဖြစ်တာတွေကြောင့် အမြဲတမ်းလိုလို ပြိုင်ပွဲကြီးတွေ ခပ်စောစောအိမ်ပြန်သွားရတတ်တဲ့အသင်း၊ တစ်ဖက်မှာလည်း ပထမဆုများစွာကို သိမ်းပိုက်ထားပြီး ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်အဖြစ် ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။ ဒီ Epicenter Major က သူတို့အခြေစိုက်ရာ ရုရှားနိုင်ငံမှာကျင်းပတာကြောင့် အိမ်ရှင်ဖြစ်တဲ့ ရုရှားဝက်ဝံကြီးတွေကတော့ ဒီပြိုင်ပွဲရဲ့ပထမဆုနေရာကို အကြီးအကျယ်ခြိမ်းခြောက်သွားဦးမှာပါ။


Alliance


Alliance ဟာလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ Starladder Minor ပြိုင်ပွဲကနေတစ်ဆင့် ဒီပွဲကိုဝင်ခွင့်ရလာတဲ့ အသင်းပါ။ ဒါ့အပြင် TI9 တိုက်ရိုက်ဝင်ခွင့်ရဖို့အတွက်လည်း DPC အမှတ်တော်တော်များများ လိုအပ်နေပါသေးတယ်။ ပြီးခဲ့တဲ့ပြိုင်ပွဲမှာတုန်းကလည်း သူတို့ရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီးပါပြီ။ အခုလိုအသင်းကြီးတွေပါဝင်တဲ့ Major ပြိုင်ပွဲကြီးမှာလည်း ဘယ်အဆင့်ထိရောက်အောင် ရုန်းကန်နိုင်ဦးမလဲဆိုတာ သေချာမသိပေမယ့် ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။


Forward Gaming


အားမနာတမ်းပြောရမယ်ဆိုရင်တော့ ဒီအသင်းက Support နှစ်ယောက်ကလွဲလို့ တော်တော် အဆင်မပြေတဲ့အသင်းပါ။ အသင်းကလည်း အခွံပဲကျန်ပါတော့တယ်။ နောက်ပြီး ဘယ်အချိန်ထပြီး Disband လုပ်မလဲဆိုတာ ပြောမရပါဘူး။ ကျွန်တော်ကတော့ စောစောအိမ်ပြန်ရမယ့်အသင်းစာရင်းထဲမှာ ဒီအသင်းကို ထိပ်ဆုံးကထည့်ထားပါတယ်။


Vici Gaming


တရုတ် Dota လောက မှေးမှိန်နေချိန်မှာတောင် Vici Gaming နဲ့ PSG.LGD တို့က အစွမ်းကုန်တောက်ပပေးနေတုန်းပါပဲ။ အသင်းကလည်း တရုတ်ပြည်တွင်းက ထိပ်တန်းကစားသမားတွေနဲ့ ဖွဲ့စည်းထားပြီး စုဖွဲ့မှုအားလည်းကောင်းတာကြောင့် ဘယ်အဆင့်လောက်ထိရောက်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။


Group D

(PSG.LGD, OG, Ninjas In Pyjamas, TNC)


ဒီ Group မှာ ပါဝင်နေတဲ့အသင်းများရဲ့ စွမ်းဆောင်ရည်က မတိမ်းမယိမ်းရှိနေတာကြောင့် တော်တော်လေးကြည့်ကောင်းမယ့် ပွဲစဉ်တွေပါပဲ။ PSG.LGD တစ်သင်းကတော့ ရလဒ်ပိုင်း တော်တော်ကြီး ကောင်းမယ်လို့ မျှော်လင့်ရပါတယ်။

PSG.LGD


မှေးမှိန်သွားတဲ့ တရုတ် Dota2 Pro Scene မှာ PSG.LGD မပါဝင်ခဲ့ပါဘူး။ အသင်းဟာ ချွတ်ချော်မှုတချို့ကြောင့် နေရာကောင်းတွေနဲ့ လွဲခဲ့တယ်ဆိုပေမယ်လို့ အခုအချိန်အထိ အသင်းတိုင်းလန့်နေရတဲ့ တရုတ်ဘီလူးကြီးများအဖြစ် ကျန်ရှိနေပါသေးတယ်။ PSG.LGD အနေနဲ့ တရုတ် Dota လောကကို ရွှေခေတ်ရောက်အောက် ပြန်ထမ်းတင်ပေးနိုင်မလား ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့ဗျာ။


OG


လက်ရှိ Ti ချန်ပီယံကြီးဟာလည်း လောလောဆယ်မှာ TI9 ဝင်ခွင့်ရဖို့ကို ရုန်းကန်နေရပါတယ်။ လက်ရှိအချိန်မှာ DPC အမှတ် ၁၀၀၀ ကျော်နဲ့ နံပါတ် ၁၀ နေရာရရှိထားတာကြောင့် ဒီပြိုင်ပွဲမှာ အဆင့် ၅/၆ လောက်ရောက်ခဲ့ရင်ကို အခြေအနေတော်တော်ကောင်းပါပြီ။ လက်ရှိလက်စွမ်းအနေအထားနဲ့တော့ ပထမဆုကို ချိန်းခြောက်ဖို့ မဖြစ်နိုင်သေးပါဘူး။


Ninjas In Pyjamas


Starladder Minor ကနေ ချန်ပီယံဖြစ်ပြီး ဒီပြိုင်ပွဲကိုဝင်ခွင့်ရလာတဲ့ NiP က TI9 ဝင်ခွင့်အတွက် တိုက်ပွဲဝင်စရာ မလိုဘူးဆိုပေမယ့် မက်လောက်စရာ ဆုကြေးငွေနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရဦးမှာပါ။ ဒီပြိုင်ပွဲမှာ Mid Player ဖြစ်တဲ့ Fata သာ လက်စွမ်းပြနိုင်ခဲ့ရင် Top 4 ထဲဝင်နိုင်ခြေတောင် ရှိနေပါတယ်။


TNC


TNC က SEA အသင်းဖြစ်ပေမယ့် ကြောက်စရာကောင်းတဲ့ ဖျက်မြင်းအသင်းအဖြစ် နှစ်တော်တော်ကြာ ရပ်တည်နေခဲ့တာပါ။ ကစားသမားအပြောင်းအလဲတွေ လုပ်ထားပေမယ့် အနည်းငယ်ကြာပြီဖြစ်တာကြောင့် အထိုင်ကျနေပါပြီ။ ဒါ့အပြင် Team Liquid မှာ နည်းပြအဖြစ်လုပ်ခဲ့ဖူးတဲ့ Heen ကိုလည်း နည်းပြခန့်ထားတာကြောင့် ဒီအသင်းရဲ့စွမ်းဆောင်ရည်ဟာ ပြိုင်ဘက်အသင်းတွေအတွက် သတိထားစရာ ဖြစ်နေမှာပါ။ ဒီပြိုင်ပွဲမှာလည်း TNC အနေနဲ့ အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့ ဖျက်မြင်းအဆင့်ကို ကျော်လွန်ပြီး ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မလားဆိုတာ စောင့်ကြည့်ဖို့ ထိုက်တန်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ



က္က