၁၆သင်းအဆင့် နောက်ဆုံးပွဲစဥ်ဖြစ်လို့ ဒီပွဲပြီးရင် ကွာတားဖိုင်နယ်ပွဲတွေ ကစားတော့မှာပါ။

ဆွီဒင် - အသင်းနဲ့ ယူကရိန်းအသင်းတို့က ၂၀၂၀ ယူရိုပြိုင်ပွဲရဲ့ ၁၆သင်းအဆင့် နောက်ဆုံး ပွဲစဥ်အဖြစ် ယှဥ်ပြိုင် ကစားကြမှာပါ။

ဒီပွဲစဥ်ကိုတော့ မြန်မာစံတော်ချိန်ယနေ့ည(ဗုဒ္ဓဟူးနံနက် ၁နာရီခွဲ)မှာ ယှဥ်ပြိုင် ကစားစေမှာ ဖြစ်ပါတယ်။

ဒီနှစ်သင်း ပွဲကို ကြည့်ရတော့မယ်ဆိုတော့ မျက်လုံးထဲ ပြေးမြင်တာ အဝါရောင်တွေပါပဲ။ နှစ်သင်းစလုံးက အဝါ ရောင်ကို အိမ်ကွင်း ဝတ်စုံအဖြစ် ဝတ်ဆင်ကစားကြတဲ့ အသင်းတွေ ဖြစ်လို့ပါပဲ။



ခြေမကွာတဲ့ နှစ်သင်းတွေ့ဆုံမှုက အသင်းကြီးတွေ အချင်းချင်း တွေ့ဆုံမှုတွေလိုပဲ သူတစ်ပြန်ကိုယ်တစ်ပြန်နဲ့ ကြည့်ကောင်းအုံးမှာ ဖြစ်လို့ ညနက်ပေမယ့် လက်လွှတ်မခံသင့်တဲ့ ပွဲကောင်းတစ်ပွဲလို့ ကြိုတင် အသိပေး ပါရစေ။

အုပ်စုတွင်း ဖြတ်သန်းလာမှု

---------------------

ပထမဦးစွာ ဆွီဒင်အသင်းရဲ့ အုပ်စုတွင်း ဖြတ်သန်းမှုကို ကြည့်လိုက်မယ်ဆိုရင် နှစ်ပွဲနိုင် တစ်ပွဲသရေ ၇မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ၁၆သင်းအဆင့်ကို တက်လှမ်းလာတာပါ။ အင်အားကြီး စပိန်ကို သရေကစားပြီး ဆလိုဗက်ကီး ယားနဲ့ပိုလန်ကို အနိုင်ယူပြီး တက်လှမ်းလာတာပါ။

ယူကရိန်းကတော့ ၁၆သင်းအဆင့်ကို အကောင်းဆုံး အုပ်စု တတိယနဲ့သာ တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပြီး အုပ်စုတွင်းမှာ ၂ပွဲရှုံး ၁ပွဲနိုင် ၃မှတ်သာရခဲ့တာပါ။

ဒါကြောင့် အုပ်စုတွင်း ဖြတ်သန်းမှုအရ ဆွီဒင်က သာလွန်နေတာကို တွေ့မြင်နိုင်ပါတယ်။

နှစ်သင်းထိပ်တိုက်တွေ့ဆုံထားမှု

---------------------

နှစ်သင်း ထိပ်တိုက်တွေ့ဆုံထားမှု ၄ကြိမ်ရှိပြီး ယူကရိန်းက ၃ကြိမ်နိုင် ဆွီဒင်က တစ်ကြိမ်သာ အနိုင်ရထားတာ တွေ့ရပါတယ်။ နောက်ဆုံး တွေ့ဆုံထားတာက ယူရို ၂၀၁၂တုန်းကဖြစ်ပြီး အဲ့ဒီတုန်းက ယူကရိန်းက ၂-၁နဲ့ အနိုင် ရခဲ့တာပါ။ ဒါကြောင့် ထိပ်တိုက်တွေ့ဆုံထားမှုအရတော့ ယူကရိန်းက သာလွန်နေပြန်ပါတယ်။

နောက်ဆုံးရ သတင်းများ

-----------------

ဆွီဒင်အသင်းမှာဆိုရင်တော့ ဒီဂျန်နဲ့မားသီယက်စ်တို့ အစောပိုင်းမှာ ကိုဗစ်ပိုး တွေ့ရှိထားပေမယ့် ယခု အခါ ပြန်လည်သက်သာလာလို့ ယနေ့ပွဲကိုတော့ ပါဝင်လာဖွယ်ရှိပါတယ်။အခြား ပွဲပယ်၊ဒဏ်ရာရသူ မရှိလို့ အင်ပြည့် အားပြည့်ဖြစ်နေပါတယ်။

ယူကရိန်းမှာ ဗစ်တာနဲ့အိုလိစ်ဇန္ဒားဇပ်ဗ်ကော့ဗ်တို့ ခြေသလုံးကြွက်သားဒဏ်ရာ အနည်းငယ်စီ ရှိနေကြပါတယ်။ ဒါ ကြောင့် ယနေ့ပွဲကို ပါဝင်ဖို့ သံသယဖြစ်ဖွယ်ရှိနေပါတယ်။ ပွဲပယ်တော့ မရှိပါဘူး။

ပွဲကြို သုံးသပ်ထားချက်

-----------------

ယူကရိန်းမှာ လူငယ်တွေများတယ်၊ ခြေစွမ်းကောင်းမွန်တယ်၊ ဘောလုံး ကစားဟန်ကောင်းတစ်ခု ပိုင်ဆိုင်ထားတာာ တွေ့ရပါတယ်။ ဒါပေမယ့် ဆွီဒင်အသင်းလို စိတ်ရှည်မှု ပါးနပ်မှုတော့ နည်းနေတာတော့ ရှိပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ ယူကရိန်း အသာရခဲ့တယ်ဆိုပေမယ့် ဒီတစ်ကြိမ်မှာတော့ ဆွီဒင်အသင်းက သေချာ ထိန်းချုပ်ပြီး အနိုင်ရလဒ်ကို ရယူသွားနိုင်ဖို့ များနေပါတယ်။



က္က