ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ပြောကြားချက်အရ ဂျာမနီနိုင်ငံသာ ယူရို ၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့မယ်ဆိုရင် လက်ရွေးစင်ဟောင်း ဖိလစ်လမ်းဟာ ပွဲကျင်းပရေးကော်မတီဥက္ကဌ ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ဂျာမနီလား၊ တူရကီလားဆိုတာကို လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
Photos: The Star
ဂျာမနီလက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဖိလစ်လမ်းဟာ ၂၀၁၆-၂၀၁၇ ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့သူဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းကို ဦးဆောင်ပြီး ကမ္ဘာ့ဖလားကို ရယူပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။
ဖိလစ်လမ်းဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ၁၁၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ဂျာမနီနိုင်ငံမှာ ယူရို ၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် အမှန်တကယ် ကျင်းပခွင့်ရရှိဖို့အတွက် လာမယ့်အပတ်မှာ ဘယ်လိုအရာမျိုးကိုမဆို ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
"ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် သံတမန်တစ်ယောက်အနေနဲ့ ပထမဆုံးဆောင်ရွက်မှုဖြစ်တာကြောင့် သံတမန်အဖြစ် ရေရှည်တာဝန်ယူခွင့်ရဖို့ ကျွန်တော် ဆုတောင်းပါတယ်"
"ဒီလုပ်ငန်းတာဝန်အသစ်အတွက် ပြိုင်ပွဲရဲ့ဥက္ကဌအဖြစ် ကမ်းလှမ်းမှုဟာ အရမ်းစိတ်ဝင်စားစရာကောင်းပြီး ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စဖြစ်ပါတယ်"
"လာမယ့်အပတ်ထဲမှာ ဂျာမနီနိုင်ငံကို ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကို သယ်ဆောင်နိုင်ဖို့အတွက် အရာအားလုံးကို ကျွန်တော် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဖိလစ်လမ်းကို အဖွဲ့အစည်းမှာ ရေရှည်ဆက်လက်လက်တွဲစေဖို့အတွက် ယင်းရာထူးက အရေးကြီးကြောင်းနဲ့ ယင်းဆုံးဖြတ်ချက်ကို အဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်တွေအများစုက အားပေးထောက်ခံမှုနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။
"ဖိလစ်လမ်းဟာ သံတမန်တစ်ယောက်အနေနဲ့ ထူးချွန်ပြီး လူအများကို ထိတွေ့စေတဲ့အလုပ်ကို လုပ်နိုင်ခဲ့သူပါ။ စက်တင်ဘာလ ၂၇ ရက်နေ့အပြီးမှာ ဒီကိစ္စက တကယ်ဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"လို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရိန်းဟတ်ဂရင်းဒဲလ်က ပြောကြားခဲ့ပါတယ်။