ဒီနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့ သတင်းတွေကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။
- ချယ်လ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အာဆင်နယ်ကွင်းလယ်လူ အာရွန်ရမ်ဆေးကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အာဆင်နယ်နဲ့ ရာသီကုန်ချိန်မှာ စာချုပ်သက်တမ်းပြည့်တော့မယ့် ရမ်ဆေးဟာ အခုအချိန်ထိ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြေလည်မှုမရှိသေးတာ ဖြစ်ပါတယ်။ အသက် (၂၇)နှစ်အရွယ် ဝေးလ်လက်ရွေးစင်ကစားသမားကို ပရီးမီးယားလိဂ်ထိပ်သီး (၂)သင်းဖြစ်တဲ့ ချယ်လ်ဆီး နဲ့ မန်ယူတို့က ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့လည်း သိရပါတယ်။
Photo : Goal.com
- လီဗာပူးလ်အသင်းရဲ့ ဂိုးသမား ကာရီယပ်စ်ဟာ အန်ဖီးလ်ကနေ ထွက်ခွာဖွယ်ရှိနေပြီလို့ သိရပါတယ်။ လီဗာပူးလ်ကို ရိုးမားဂိုးသမား အယ်လစ်ဆန် ရောက်ရှိလာပြီးနောက် နေရာတစ်နေရာ ရရှိဖို့ ခက်ခဲဖွယ်ရှိနေတဲ့ ကာရီယပ်စ်ကို တူရကီကလပ်အသင်းဖြစ်တဲ့ ဘက်ဆီတပ်စ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ကနဦးအနေနဲ့ ဘက်ဆီတပ်စ်က အငှားခေါ်ယူသွားမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူဖို့အတွက်လည်း ကလပ်အသင်း ၂သင်းကြား ဆွေးနွေးနေတယ်လို့ သိရပါတယ်။
Photo : Goal.com
- ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းဟာ အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား လွတ်ခ်မန်းကို ပေါင် (၂၂)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၀)အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လိုက်ဇစ်အသင်းကို အငှားသွားရောက် ကစားခဲ့သူဖြစ်ပြီး ကစားသမားရဲ့ ခြေစွမ်းအပေါ် ကြိုက်နှစ်သက်တာကြောင့် အပြီးသတ်ဝယ်ယူဖို့အတွက် လိုက်ဇစ်အသင်းက ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။
Photo : Goal.com
- မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာဟာ အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီး တစ်ပတ်လုပ်ခ ပေါင် (၂)သိန်းအထိ ရရှိတော့မှာ ဖြစ်ပါတယ်။ ဒီဂီယာ နဲ့ မန်ယူတို့ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်တော့မှာ ဖြစ်ပြီး ကလပ်အသင်းဘက်က ကစားသမားကို တစ်နှစ်စာချုပ်သက်တမ်း တိုးခွင့် ရရှိထားပါတယ်။ ဒါပေမယ့်လည်း ဒီဂီယာအနေနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပြီး အိုးထရက်ဖို့ဒ်မှာ ကာလရှည်ရှိနေတော့မှာ ဖြစ်ပါတယ်။
Photo : Goal.com
- ဂျူဗင်တပ်စ်အသင်းက ထွက်ခွာသွားခဲ့တဲ့ ကစားသမား မာချီစီယိုအနေနဲ့ ပီအက်စ်ဂျီအသင်းကို လာရောက်ဖို့ ဂျူဗီဂိုးသမားဟောင်းကြီး ဘတ်ဖွန်က မျှော်လင့်နေပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာ ဘတ်ဖွန် နဲ့ မာချီစီယိုတို့ဟာ နှစ်ပေါင်းများစွာ တွဲဖက်ကစားခဲ့ကြပြီး ပြီးခဲ့တဲ့ အပတ်ကပဲ မာချီစီယိုက အသင်းကထွက်ခွာခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။ မာချီစီယိုကတော့ မေဂျာလိဂ်ကို သွားရောက်ကစားဖို့ရှိနေပြီး ဘတ်ဖွန်ရဲ့ မျှော်လင့်ချက်တွေက ဖြစ်မလာနိုင်ဘူးလို့လည်း သိရပါတယ်။