ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ရွေးချယ်တဲ့ 2018 UEFA President’s Award ဆုအတွက် အင်္ဂလန်ဂန္တဝင် ကစားသမားဟောင်း ဒေးဗစ်ဘက်ဟမ်းအရွေးခံခဲ့ရပါတယ်။ ဒေးဗစ်ဘက်ဟမ်းက ဘောလုံးလောကအတွက် ကောင်းကျိုးသယ်ပိုးပေးနိုင်တဲ့အပြင် ကစားသမားဘဝက အောင်မြင်မှုတွေကြောင့် အခုလိုရွေးချယ်ခဲ့တာလို့ ဥရောပဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
2018 UEFA President’s Award ဆိုတာ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဌတွေက ရွေးချယ်သတ်မှတ်ပေးရတဲ့ ဆုပါ။ ၂၀၁၈ခုနှစ်အတွက် လက်ရှိဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဌ စီဖာရင်က အင်္ဂလန်ဂန္တဝင်ကစားသမားဟောင်း ဒေးဗစ်ဘက်ဟမ်းကို ရွေးချယ်ခဲ့ပါတယ်။ ဒေးဗစ်ဘက်ဟမ်းဟာ ဒီဆုကို ဒီနှစ်ကုန်ပိုင်းအတွင်း ပြင်သစ်နိုင်ငံ၊ မိုနာကိုမြို့မှာ လက်ခံရယူရမှာဖြစ်ပါတယ်။
UEFA အကောင်းဆုံးကစားသမားဆုစာရင်းတွင် မက်ဆီ အဆင့်(၅)သာ ရရှိ
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းကို ရွေးချယ်ရတဲ့အကြောင်းအရင်းက အံ့အားသင့်ဖွယ်အောင်မြင်မှုတွေ၊ ပရော်ဖက်ရှင်နယ်ပီသမှုတွေနဲ့ ပုဂ္ဂိုလ်ရေးဂုဏ်သတင်းကျော်ဇော်မှုတွေကြောင့်ဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အလက်ဇန္ဒားစီဖာရင်က ပြောပါတယ်။ “သူကတစ်ကမ္ဘာလုံးရဲ့ဘောလုံးသံတမန်တစ်ဦးပါ။ ပြိုင်ပွဲတွေကို လူသိအောင်လုပ်ပေးနိုင်တယ်။ တန်ဖိုးမြင့်အောင်လည်းစွမ်းဆောင်နိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေရဲ့ဘဝတွေများစွာကိုလည်း ကယ်တင်ပေးနိုင်သူပါ။ သူ့ရဲ့မျိုးဆက်ထဲမှာတော့ စစ်မှန်တဲ့ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးပါ။”
မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်မက်ဒရစ်၊ အယ်လ်အေဂလက်ဆီ၊ အေစီမီလန်၊ ပီအက်စ်ဂျီအသင်းတွေမှာကစားခဲ့ဖူးတဲ့ ဒေးဗစ်ဘက်ဟမ်းအတွက် ဒီဆုက ဂုဏ်ယူစရာပါ။ ဒေးဗစ်ဘက်ဟမ်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ၁၉၉၉ခုနှစ်မှာလည်း ချန်ပီယံလိဂ်ဖလားရခဲ့ပါတယ်။ ဒေးဗစ်ဘက်ဟမ်းအနေနဲ့လက်ရှိအချိန်မှာ ကစားသမားဘဝက အနားယူထားပြီး လူမှုအကျိုးပြုလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။
2018 UEFA President’s Award ဆုကို ၁၉၉၈ခုနှစ်မှာစတင်ပေးအပ်ခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၁၆မှာတော့ ရွေးချယ်ချီးမြှင့်နိုင်ခြင်းမရှိခဲ့ပါဘူး။ ၂၀၁၇ခုနှစ်အတွက် 2018 UEFA President’s Award ဆုကိုတော့ အီတလီလက်ရွေးစင်ကစားသမားဟောင်း ဖရန်ဆက်စကိုတော့တီက ရရှိခဲ့ပါတယ်။ ဒီဆုက ဂန္တဝင်ကစားသမားဟောင်းတွေရဲ့စွမ်းဆောင်နိုင်ခဲ့တဲ့စွမ်းဆောင်ရည်နဲ့လက်ရှိ ဘောလုံးလောကအတွက် အကျိုးပြုဆောင်ရွက်နိုင်မှုတွေအပေါ်မှာ အခြေခံချီးမြှင့်တာပါ။