အင်တာမီလန်အသင်းဟာ ယမန်နေ့ညက ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရာဖင်ဟာ၊ ဂျော်ဒီအယ်လ်ဘာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အင်တာမီလန်အသင်းရဲ့ခြေစွမ်းအဆင့်အတန်းဟာ ကြယ်ပွင့်တိုက်စစ်မှူး အီကာဒီအတွက် စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပါတယ်။
အီကာဒီက ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီ မပါဝင်တဲ့ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့တာဟာ အင်တာမီလန်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ အဆင့်အတန်းလောက်မရှိသေးတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ယမန်နေ့ညက နူးကမ့်မှာ အင်တာမီလန်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ပွဲစဉ်ကို ပွဲကြည့်စင်ကနေ ကြည့်ရှုအားပေးခဲ့ပြီး အင်တာမီလန်တိုက်စစ်မှူး အီကာဒီက မက်ဆီမပါဝင်မှုကို အင်တာမီလန်အသင်းအနေနဲ့ အခွင့်ကောင်းယူနိုင်မယ်လို့ ထင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အင်တာမီလန်အသင်းဟာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့ဘဲ ရာဖင်ဟာ၊ ဂျော်ဒီအယ်လ်ဘာတို့ရဲ့ သွင်းဂိုးတွေကြောင့် အရှုံးနဲ့သာ ပြန်ခဲ့ရတာကြောင့် အီကာဒီက စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။
"ကွာခြားမှုက ပထမပိုင်းမှာလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဘာစီလိုနာအသင်းရဲ့အဆင့်အတန်းအတိုင်း လိုက်မကစားနိုင်ခဲ့ပါဘူး။ နေရာလွတ်တွေအများကြီးနဲ့ သူတို့ကို ဂိုးသွင်းခွင့်တွေ ခွင့်ပြုပေးခဲ့ရပါတယ်"
"ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုမိုကောင်းမွန်ခဲ့ပြီး ဘာစီလိုနာအသင်းကို ဘောလုံးပေးပို့မှု မှားယွင်းအောင် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေအပေးဆုံးအချိန်မှာ အခွင့်အရေးတွေကို အဆုံးသတ်တာမျိုးကို လုပ်နိုင်ခဲ့သင့်ပါတယ်"
"အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းမပျော်မရွှင်ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အစကတည်းက ကျွန်တော်တို့ နောက်တန်းမှာပဲ အပေးအယူလုပ်နေမယ့်အစား ကောင်းကောင်းလုပ်နိုင်ခဲ့လို့ပါ။ ကျွန်တော်တို့ ကောင်းမွန်တဲ့ အရွှေ့အပြောင်းတွေ ဆန်စီရိုမှာ ပြုလုပ်ပြီး နောက်တစ်ဆင့်တက်ဖို့ အမှတ်တွေ ရရှိအောင် ပြုလုပ်ရပါမယ်"
"ကျွန်တော်တို့အားလုံး နှစ်အတော်များများ အရာအားလုံးကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့အဆင့်ချန်ပီယံနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ သိပါတယ်။ ခင်ဗျား သူတို့ကို ဂိုးသွင်းခွင့်ပြုလိုက်မယ်ဆိုရင် ပြန်သွင်းနိုင်ဖို့ ပိုမိုခက်ခဲသွားလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။