မတူညီတဲ့ လိဂ်(၃)ခုမှာ အမှတ်ပေးဖလားနဲ့ရွှေဖိနပ်ရတဲ့ စံချိန်ပါ။
Pyae Phyo Thein

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ နယ်မြေသစ်၊ အသင်းသစ်မှာ မြန်မြန်ဆန်ဆန်ပဲ အထိုင်ကျခဲ့ပြီး စီးရီးအေသွင်းဂိုး (၇)ဂိုးအထိ ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ပထမဆုံး ကစားခဲ့တဲ့ စီးရီးအေ (၃)ပွဲမှာ ဂိုးပေါက်ပျောက်ဆုံး ခဲ့ပေမယ့်လည်း နောက်ပိုင်းပွဲတွေမျာ ရော်နယ်ဒိုရဲ့ မဆုတ်မနစ်ကြိုးစားမှုနဲ့ အားထုတ်မှုတွေကြောင့် ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပြီး အသင်းကိုလည်း နိုင်ပွဲတွေရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။



Photo : Marca

 

ဒီအတွက်ကြောင့်လည်း ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် (၁၀)ပွဲကစားပေးပြီးချိန်မှာ (၇)ဂိုး ရရှိခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း (၆၀)အတွင်း ဂျူဗင်တပ်စ်တိုက်စစ်မှူးတစ်ဦးရဲ့ အကောင်းဆုံးစံချိန်ဖြစ်ပြီး ဂန္ထဝင်တိုက်စစ်မှူးဟောင်းတစ်ဦးရဲ့ စံချိန်ကို ရော်နယ်ဒိုက လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။ အသက် (၃၃)နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ ဒီရာသီမှာ နောက်ထပ်စံချိန်သစ်တွေ ရယူနိုင်ဖို့ အခွင့်အလမ်းတွေလည်း ရှိနေပါတယ်။

Photo : Marca

 

အဲဒါကတော့ ပရီးမီးယားလိဂ်ဖလား၊ လာလီဂါဖလားနဲ့ စီးရီးအေဖလားတို့ကို ရယူဖူးတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဆုဖလားတို့ကို ရယူပြီးဖြစ်တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်နဲ့ စီးရီးအေဆုဖလားရမယ်ဆိုရင် ဒီမှတ်တမ်းကို ပိုင်ဆိုင်နိုင်မှာပါ။

Photo : Marca

 

ဒီစံချိန်ကို ရရှိဖို့ အခွင့်အရေးက အကောင်းဆုံးဖြစ်နေပါတယ်။ ဂျူဗင်တပ်စ်ဟာ အခုအချိန်ထိ စီးရီးအေမှာ ရှုံးပွဲမရှိသေးသလို အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်နေလို့လည်း ဖြစ်ပါတယ်။ ပြီးတော့ စီးရီးအေဖလားကို (၈)နှစ်ဆက်တိုက် ရယူဖို့လည်း ရေပန်းစားနေတဲ့ အသင်းဖြစ်နေခဲ့ပါတယ်။ နောက်ထပ်စံချိန်တစ်ခုကတော့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရဖို့ပါ။

Photo : Daily Mail

 

မန်ချက်စတာယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုက ပရီးမီးယားလိဂ်သွင်းဂိုး (၃၁)ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆု ရယူခဲ့ဖူးပါတယ်။ ရီးရဲလ်မက်ဒရစ်မှာလည်း ရော်နယ်ဒိုက ရွှေဖိနပ်ဆုကို (၃)ကြိမ် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ဒီအတွက် ဂျူဗင်တပ်စ်နဲ့အတူ စီးရီးအေရွှေဖိနပ်ဆုကို ထပ်ရခဲ့မယ်ဆိုရင်လည်း မတူညီတဲ့ ဒီလိဂ် (၃)ခုမှာ ရွှေဖိနပ်ဆုရတဲ့ ပထမဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ဦးမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုက စီးရီးအေသွင်းဂိုး (၇)ဂိုး သွင်းယူပြီး ဖြစ်ပါတယ်။ စီးရီးအေရွှေဖိနပ်ဆုအတွက် ဂိုးသွင်းအများဆုံးစာရင်းမှာ ဦးဆောင်နေတာက ဂျီနိုအာတိုက်စစ်မှူး ပီယာတက်ခ်ဖြစ်ပြီး စုစုပေါင်းသွင်းဂိုး (၉)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ ရော်နယ်ဒိုက ပီယာတက်ခ်ရဲ့ နောက်မှာ ရပ်တည်နေပြီး သူ့အနေနဲ့ ဒီမှတ်တမ်းကိုပိုင်ဆိုင်ဖို့အတွက်လည်း အခွင့်အရေးကောင်းတွေ ရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က