ု၂၀၁၈ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပဖို့ တစ်လခန့်သာ လိုတော့ပြီး ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဆန်ကာတင် ၃ ဦးစာရင်းကို ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။ ဘလွန်းဒီအော်ဆုကို ရရှိနိုင်ဖို့အတွက် ထိပ်တန်းကစားသမားတွေဟာ အပြိုင်အဆိုင် အကောင်းဆုံးစွမ်းဆောင်ရည်ပြသနေပြီး Sportskeeda အားကစားဝက်ဘ်ဆိုက်က ယခုလအတွက် ခြေစွမ်းအရ အဆင့်ရပ်တည်မှုတွေကို သတ်မှတ်ခဲ့ပါတယ်။
၁။ ခရစ်စတီယာနိုရော်နယ်ဒို
Photos: Sportskeeda
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယနေ့အချိန်အထိ ၎င်းရဲ့ခြေစွမ်းအဆင့်အတန်းကို ကြောက်မက်ဖွယ်ပြသနေဆဲဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၃ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာ အထိုင်ကျဖို့အတွက် အချိန်အနည်းငယ်သာ ယူခဲ့ရပြီး အီတလီဘောလုံးလောကကို စတင်ပြီး လွှမ်းမိုးနေပြီဖြစ်ပါတယ်။
အက်ဒ်ဝုဒ်ဝဒ်နဲ့ မော်ရင်ဟိုတို့ တွေ့ဆုံမှုအပြီးမှာ ဘယ်လိုရလဒ်တွေ ထွက်လာမှာလဲ
ရော်နယ်ဒိုဟာ အဲဒီလို လွှမ်းမိုးနိုင်ဖို့အတွက် အမြဲတမ်း ဂိုးတွေသွင်းယူလေ့ရှိသူဖြစ်ပြီး ဂျူဗင်တပ်အသင်းအတွက် နောက်ဆုံး ၄ ပွဲမှာ ၄ ဂိုးအထိ သွင်းယူထားပေးသူဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက Sportskeeda ရဲ့ဘလွန်းဒီအော်ဆုအတွက် အဆင့်ရပ်တည်ချက်မှာ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ယခုလမှာတော့ နံပါတ်တစ်နေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။
၂။ လီယွန်နယ်မက်ဆီ
Photos: Sportskeeda
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၀ ရက်နေ့က ဆီဗီလာအသင်းနဲ့ပွဲစဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ယင်းမတိုင်မီကတည်းက အကောင်းဆုံးပုံစံကို ပြသခဲ့သူဖြစ်ပါတယ်။ အောက်တိုဘာလအတွင်းမှာ မက်ဆီဟာ ၃ ပွဲသာ ကစားခဲ့ပေမယ့် ၃ ပွဲစလုံးမှာ မက်ဆီဟာ အကောင်းဆုံးကစားသမားဆိုတာကို အငြင်းပွားစရာမလိုအောင် ကစားပြခဲ့ပါတယ်။
မက်ဆီဟာ ဗီလာရီးရဲနဲ့ပွဲစဉ်တုန်းက မိနစ် ၉၀ မှာ ချေပဂိုးသွင်းယူပေးခဲ့သလို ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ မက်ဆီဟာ ခရစ်စတီယာနိုရော်နယ်ဒိုထက် စွမ်းဆောင်ရည်ပိုမိုပြသနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာရရှိခဲ့တာကြောင့် အဆင့် ၁ နေရာကို တက်လှမ်းနိုင်လောက်တဲ့အထိ မဖြစ်ခဲ့ဘဲ အဆင့် ၃ နေရာကနေ အဆင့် ၂ နေရာကိုသာ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
၃။ လူကာမိုဒရစ်
Photos: Sportskeeda
ယခုနှစ်ရဲ့ အဓိကတစ်ဦးချင်းဆုတံဆိပ်တွေကို သိမ်းပိုက်ထားတဲ့ လူကာမိုဒရစ်ဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဘလွန်းဒီအော်ဆုကို သူတပြန်ကိုယ်တပြန်သိမ်းပိုက်နေတဲ့အစဉ်အလာကို ချိုးဖျက်နိုင်မယ်လို့ အများစုက မျှော်လင့်ခဲ့ကြပါတယ်။ ရော်နယ်ဒိုနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ဗိုလ်လုပွဲအထိ ရောက်ရှိအောင် အဓိကပံ့ပိုးကူညီပေးခဲ့တဲ့ လူကာမိုဒရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပေးအပ်တဲ့ ရွှေဘောလုံးဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ရရှိထားသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ အဆိုးရွားဆုံးဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရှုံးပွဲတွေကို လူကာမိုဒရစ်ဟာ ဘာတစ်ခုမှ အကူအညီမပေးနိုင်ခဲ့တာဟာ အရှက်ရစရာဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ရီးရဲမက်ဒရစ်အသင်းဟာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး ယင်းပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးပေးနိုင်ခဲ့မှုလည်းမရှိခဲ့တာဖြစ်ပါတယ်။ ယင်းဖြစ်ရပ်တွေက မိုဒရစ်ရဲ့ ဘလွန်းဒီအော်ဆုအတွက် အဆင့်ရပ်တည်ချက်ကို အကျိုးသက်ရောက်စေခဲ့ပြီး ယခုလမှာ အဆင့် ၁ နေရာကနေ အဆင့် ၃ နေရာအထိ ကျဆင်းသွားစေခဲ့တာဖြစ်ပါတယ်။
Share