အင်တာမီလန် နဲ့ ဘာစီလိုနာတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲသာ ဖြစ်ခဲ့ပါတယ်။ ပွဲချိန်ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ပွဲပြီးခါနီးအထိလည်း ဘယ်သူကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် (၈၃)မိနစ်မှာ မယ်လ်ကွန်က ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အီကာဒီက (၈၇)မိနစ်မှာ ချေပဂိုးပြန်သွင်းခဲ့လို့ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။
Photo : Torcedores.com
ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မယ်လ်ကွန်အတွက်တော့ ဘာစီလိုနာ ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘိုဒေါ့စ်အသင်းကနေ ဘာစီလိုနာကို ဒီနှစ်နွေရာသီမှာ ယူရို (၄၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မယ်လ်ကွန်ဟာ အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း မယ်လ်ကွန်ဟာ ပွဲကစားချိန် (၈၁)မိနစ်မှာမှာ ဒမ်ဘီလီနေရာကို လူစားလဲလှယ်ကစားခဲ့ရတာ ဖြစ်ပါတယ်။
Photo : Massimiliano Traini
ကွင်းထဲဝင်ပြီး (၂)မိနစ်အကြာမှာတော့ မယ်လ်ကွန်က အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဘယ်ခြေနဲ့ အပိုင်ကန်သွင်းပြီး မယ်လ်ကွန်က သူ့ရဲ့ ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးသွင်းအပြီးမှာတော့ မယ်လ်ကွန်ဟာ မျက်ရည်တွေကျကာ ငိုကြွေးနေခဲ့ပြီး သူ့ရဲ့လက်နှစ်ဖက်နဲ့ မျက်ရည်သုတ်နေတဲ့ မြင်ကွင်းကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။
Photo : elPeriodico.cat
ဘာစီလိုနာနည်းပြ ဗယ်ဗာဒီရဲ့ ပစ်ပယ်မှုကို ခံထားရပြီးနောက်မှာ မယ်လ်ကွန် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ခံစားချက်အပြည့်အ၀ ရှိနေခဲ့တာ ဖြစ်ပါတယ်။ မယ်လ်ကွန်ရဲ့ သွင်းဂိုးတစ်ဂိုးကြောင့်လည်း ဘာစီလိုနာဟာ တစ်မှတ်ရရှိခဲ့ပြီး အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
Photo : BigData News
အသင်းမှာ ပုံမှန်ကစားခွင့်မရ၊ ရုန်းကန်နေရပြီးနောက် ဘာစီလိုနာအတွက် သွင်းဂိုးတစ်ဂိုး ရရှိပြီးနောက်မှာ မယ်လ်ကွန်ဟာ သူ့ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့ပဲ ကွင်းအတွင်းမှာ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။ သူ့အတွက်တော့ မမေ့နိုင်စရာ သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့ပြီး လာမယ့်ပွဲတွေမှာ ပုံမှန်နေရာရဖို့ အခွင့်အရေးလည်း ရှိခဲ့တာ ဖြစ်ပါတယ်။