ဒီနေ့ညမှာတော့ ဂျူဗင်တပ်စ် နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အုပ်စုအဆင့်ပွဲစဉ်ကို ကစားတော့မှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ ဂျူဗင်တပ်စ်က ဒီဘာလာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိုးထရက်ဖို့ဒ်မှာ အနိုင်ရထားလို့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီပွဲဟာ လက်စားပြန်ချေရမယ့်ပွဲအပြင် မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲလည်း ဖြစ်လို့ စိတ်ဝင်စားဖို့ အကောင်းဆုံးပွဲဖြစ်နေပါတယ်။ ဒါ့အပြင် ပေါ့ဂ်ဘာရဲ့ အိမ်အပြန်လမ်း၊ ရော်နယ်ဒိုရဲ့ အသင်းဟောင်းကို ဧည့်ခံရမယ့် အကြောင်းရင်းတွေကလည်း ပွဲအရှိန်ကို မြင့်တက်နေစေခဲ့ပါတယ်။
နှစ်ဖက်အသင်းသတင်းများ
Photo : 101 Great Goal
- မန်ယူတိုက်စစ်မှူး လူကာကူကတော့ ကြွက်သားဒဏ်ရာ ရရှိနေလို့ ဒီပွဲကို လွဲချော်မယ်လို့ သိရပြီး မန်ချက်စတာဒါဘီပွဲကျမှ ကစားနိုင်မှာပါ။
- ဒါလော့ကတော့ ဒဏ်ရာကြောင့် မကစားနိုင်သေးပဲ ဗလန်စီယာ နဲ့ ဖယ်လိုင်နီတို့ကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါတယ်။
- ဂျူဗင်တပ်စ်မှာ ဒေါက်ဂလပ်စ်ကော်စတာ သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။
- ဒဏ်ရာရနေတဲ့ မန်ဇူကစ် ပြန်လည်သက်သာလာပြီး ကစားနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ အယ်လီဂရီက အတည်ပြုထားပါတယ်။
အချက်အလက်မှတ်တမ်းများ
Photo : 101 Great Goal
- ဂျူဗင်တပ်စ် နဲ့ မန်ယူတို့ ဥရောပပြိုင်ပွဲတွေမှာ (၁၄)ကြိမ်မြောက် ရင်ဆိုင်ရတာ ဖြစ်ပြီး ဂျူဗင်တပ်စ်က (၆)ပွဲနိင်ထားပြီး မန်ယူက (၅)နိုင်ကာ (၂)ပွဲ သရေကျထားပါတယ်။
- မန်ယူဟာ ချန်ပီယံလိဂ်ပွဲအဖြစ် ဂျူဗင်တပ်စ်ကွင်းမှာ သွားကစားခဲ့တဲ့ နောက်ဆုံး (၂)ပွဲကို အနိုင်ရထားပြီး ၃-၂ နဲ့ တစ်ပွဲ၊ ၃-၀ နဲ့ တစ်ပွဲ အနိုင်ရထားဖူးပါတယ်။
Photo : 101 Great Goal
- ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ်ပွဲရဲ့ အုပ်စုအဆင့်မှာ အိမ်ကွင်းပွဲ (၃၅)ပွဲ ကစားထားပြီး (၁)ပွဲသာ ရှုံးနိမ့်ထားပါတယ်။
- မန်ယူကတော့ ချန်ပီယံလိဂ်ပွဲ နောက်ဆုံးနှစ်ပွဲမှာ ဂိုးပေါက်ပျောက်ထားပြီး ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက ချန်ပီယံလိဂ်မှာ (၃)ပွဲဆက် ဂိုးပေါက်မပျောက်ဖူးပါဘူး။
Photo : 101 Great Goal
- ဂျူဗီတိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ ချန်ပီယံလိဂ်နောက်ဆုံး (၅)ပွဲမှာ ဂိုးပေါက်ပျောက်ထားပြီး စုစုပေါင်း (၃၈၉)မိနစ်မှာ (၁၅)ကြိမ် ဂိုးကန်သွင်းခွင့်ရခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့တာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ချာလီရဲ့ ခန့်မှန်းချက်
Photo : 101 Great Goal
- ဒီဘာလာက ကျွန်တော် အမြဲတမ်းသဘောကျတဲ့ ကစားသမားတစ်ယောက်ပါ၊ အိုးထရက်ဖို့ဒ်ပွဲမှာလည်း သူ ခြေစွမ်းပြနိုင်ခဲ့ပြီး ရော်နယ်ဒိုကလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်၊ ဂျူဗင်တပ်စ်အပေါ်မှာ လုံးလုံးကြီး အထင်ကြီးလို့တော့ မရသေးပါဘူး၊ ရော်နယ်ဒိုရောက်လာလို့ သူတို့က အင်အားတောင့်တင်းသွားတယ်ဆိုပေမယ့်လည်း ကျွန်တော်ကတော့ အဲဒီလို မထင်သေးပါဘူး။ ဒါပေမယ့် ဒီပွဲမှာတော့ သူတို့က ယူနိုက်တက်ကို အနိုင်ကစားသွားပါလိမ့်မယ်။ ဂျူဗီ ၂-၀ ယူနိုက်တက် လို့ ဖြစ်နိုင်ပါတယ်။