အသင်းဟောင်းကို ဂိုးသွင်းနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။
Pyae Phyo Thein

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ့် အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဂျူဗီအတွက် ရော်နုယ်ဒိုက ဥိးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့်လည်း မန်ယူက နောက်ကလိုက်သွင်းပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။



 

အသင်းဟောင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် ချန်ပီယံလိဂ်သွင်းဂိုး ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘိုနူချီရဲ့ ကန်တင်ပေးမှုကို ရော်နယ်ဒိုက အလိုက်သင့် ထပ်ဆင့်ကန်သွင်းယူပြီးတော့ အဖွင့်ဂိုးကို ဒုတိယပိုင်း မိနစ် (၆၀)မှာ ရရှိသွားခဲ့ပါတယ်။ ရော်နုယ်ဒိုဂိုးသွင်းနိုင်မယ်လို့ ပွဲမတိုင်ခင်ပြောခဲ့တဲ့ ဂျူဗီနည်းပြ အယ်လီဂရီရဲ့ စကားက မှန်ကန်သွားခဲ့ပါတယ်။

 

ဒါပေမယ့်လည်း မန်ယူက ချေပဂိုးရဖို့အတွက် လူစားလဲလှယ်မှုတွေ၊ တိုက်စစ်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ မာတာရဲ့ လှပတဲ့ ဖရီးကစ်ကန်သွင်းချက်နဲ့ (၈၆)မိနစ်မှာ ချေပဂိုးပြန်ရသွားခဲ့ပါတယ်။ ပွဲပြီးခါနီးနေလေ ကစားအားတက်လာလေ ဖြစ်တဲ့ မန်ယူရဲ့ တိုက်စစ်က မိနစ် (၉၀)မှာ နောက်ထပ်တစ်ဂိုး ထပ်ရသွားခဲ့ပြီး အဝေးကွင်းမှာ ဂျူဗီကို အလဲထိုးနိုင်ခဲ့ပါတယ်။

 

အလွတ်တည်ကန်ဘောကတဆင့် ကန်တင်ပေးခဲ့ရာမှာ ဆက်ဇနီ ပုတ်ထုတ်ရာကနေ ဂျူဗီကစားသမားတစ်ဦး၊ အဲဒီကမှ နောက်ထပ်တစ်ကြိမ် ဆန်ဒရိုနဲ့ ထိပြီး ဂိုးဝင်ခဲ့ဖို့ မန်ယူတို့ အဖိုးတန်အနိုင်ဂိုး ရရှိသွားခဲ့တာပါ။ ဒါဟာ ဂျူဗင်တပ်စ်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံပထမဆုံး ရှုံးပွဲကို ခံစားလိုက်ရတာလည်း ဖြစ်ပါတယ်။

 

ရော်နယ်ဒိုအတွက်လည်း ချန်ပီယံလိဂ်မှာ အသင်းသစ်အတွက် ပထမဆုံးသွင်းဂိုး ရရှိခဲ့ပေမယ့် ပထမဆုံး ရှုံးပွဲကို ခံစားခဲ့ရလို့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အသင်းဟောင်းကို ဂိုးသွင်းနိုင်ခဲ့လို့ အမှတ်တရဖြစ်ခဲ့ရပေမယ့် အသင်းဟောင်းကို ရှုံးနိမ့်ခဲ့လို့လည်း အမှတ်တရရှုံးပွဲ ဖြစ်သွားခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က