ဘက်ခမ်ကတော့ ဝေဖန်သူ ၊ ကာကွယ်သူနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Pyae Phyo Thein

ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ်ကတော့ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့တဲ့ ဓာတ်ပုံတစ်ပုံကြောင့် ဝိုင်းဝန်းဝေဖန်မှု တွေကို ခံနေရပါပြီ။ ဘက်ခမ်ဟာ သူ့ရဲ့ (၇)နှစ်အရွယ် သမီးလေး ဟာပါကို နှုတ်ခမ်းချင်းထိ နမ်းရှုပ်နေပုံကို တင်ခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို BBC က အခုလိုပဲ ဖော်ပြခဲ့ပါတယ်။

Photo : BBC

 

ဒီပုံအပေါ်မှာ ထင်မြင်ချက်ပေးခဲသူ တစ်ဦးက "ဘာလို့ မင်း သမီးရဲ့ နှုတ်ခမ်းကို နမ်းခဲ့ရတာလဲ၊ ဒါက လက်ခံနိုင်စရာမဟုတ်ဘူး၊ အရမ်းဆိုးတာပဲ" လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဗြိတိန်က Good Morning Britain အစီအစဉ်ရဲ့ တင်ဆက်သူ ပီရက်စ်မော်ဂန်ကလည်း ဘက်ခမ်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီးတော့ ကျောချမ်းစရာလို့ ပြောဆိုခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ဘက်ခမ်ရဲ့ ပရိသတ်တွေကတော့ သူ့ဘက်ကနေ ကာကွယ်ပြောကြားပေးခဲ့ပြီး ဒီထဲမှာတော့ ဝေးလ်လက်ရွေးစင် ကစားသမားဟောင်း ဒေးဗစ်ကော့တာရယ်လ် ပါဝင်ခဲ့ပါတယ်။ သူက ကိုယ့်ရဲ့ ရင်သွေးသားသမီးကို နမ်းရှုပ်တာ ဘာများမှားယွင်း နေလို့လဲလို့ ပြောဆိုခဲ့ပြီး ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ကာဒစ်စီးတီးအသင်းနဲ့ ဝေးလ်နောက်ခံလူဟောင်း ဒန်နီဂါဘီဒွန်ကလည်း "ကျွန်တော် နဲ့ ကျွန်တော်သားဆို နေ့တိုင်း ဒီလိုပဲ အနမ်းပေးနေကျပါ၊ ကမ္ဘာကြီးက ပိုပြီးတော့ အကဲဆတ်လာတယ်" လို့ သူ့ရဲ့ တွစ်တာအကောင့်ကတဆင့် ဘက်ခမ်ကို ကာကွယ်ပြောကြား ခဲ့ပါတယ်။ လက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂျင်မီဗာဒီကလည်း ဘက်ခမ်ရဲ့ ဘက်တော်သားပါ။

Photo : BBC

 

သူကလည်း သူ့ရဲ့ သမီးနဲ့ နှုတ်ခမ်းချင်းထိ အနမ်းပေးနေပုံကို သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပြီး ဒါက ပုံမှန်ပါပဲ၊ ဘာမှထိတ်လန့်နေစရာ မရှိပါဘူး၊ ကျွန်တော့် သားသမီးကို အမြဲတမ်း ဒီလိုပဲ အနမ်းပေးနေကျပါ" လို့ ရေးသားခဲ့ပါတယ်။ ချယ်လ်ဆီးနောက်ခံလူဟောင်း ဝိန်းဘရစ်ချ်ရဲ့ ဇနီးကလည်း ဘက်ခမ်ရဲ့ အပြုအမူကို ဝေဖန်ခဲ့တဲ့ ပီရက်စ်မော်ဂန်ကို ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ပြီး သူမရဲ့ သားနဲ့လည်း သူမ ဒီလိုမျိုး ပြုလုပ်နေကျလို့ ပြောဆိုသွားခဲ့ပါတယ်။

Photo : BBC

 

ဘက်ခမ်ကတော့ သူ့ရဲ့ ဘက်တော်သားတွေကြောင့် အားတက်စရာဖြစ်ခဲ့ရပေမယ့်လည်း အပြုသဘောမဆောင်တဲ့ မှတ်ချက်တွေကြောင့် စိတ်ပျက်စရာတော့ ဖြစ်ခဲ့မှာ သေချာပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က