ဂိုးသွင်းနိုင်အောင် ကူညီပေးခဲ့ကြလို့ နာရီတွေ လက်ဆောင်ဝယ်ပေးခဲ့တာပါ။
Pyae Phyo Thein

အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး အီကာဒီကတော့ အသင်းဖော်တွေကို သူ့ရဲ့ သွင်းဂိုးတွေအတွက် ပြန်ပြီး ကျေးဇူးတုံ့ပြန်လိုက်ပါပြီ။ အင်တာမီလန် အသင်းခေါင်းဆောင်ဟာ သူ ရရှိခဲ့တဲ့ သွင်းဂိုးတွေကို ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ အသိနဲ့ အင်တာမီလန်အသင်းဖော်တွေကို နာရီတွေ လက်ဆောင်ပေးခဲ့တာလို့ Sportbible က ဖော်ပြသွားခဲ့ပါတယ်။



Photo : Icardi Instagram

 

အင်တာမီလန်အသင်းရဲ့ အဓိကကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့သလို အသင်းရဲ့ ဂိုးသွင်းစက်၊ အသင်းခေါင်းဆောင် အဖြစ်ပါ ရောက်ရှိလာတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အီကာဒီဟာ အသင်းကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မယ့် အခွင့်အရေးကို ဖန်တီးပေးထားနိုင်ဆဲ ဖြစ်ပါတယ်။

Photo : Sportbible

 

ပြီးခဲ့တဲ့ ဘောလုံးရာသီက စီးရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် လာဇီယိုတိုက်စစ်မှူး အီမိုဘီလီနဲ့ ပူးတွဲရပ်တည်နိုင်ခဲ့ပြီးနောက်မှာ အီကာဒီက အသင်းဖော်တွေအတွက် အခုလို စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလို တုံ့ပြန်လက်ဆောင်ပေးမှုမှာ အသင်းက ထွက်ခွာသွားခဲ့တဲ့ ကစားသမားတွေလည်း ပါဝင်ခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်အောင် ကူညီပေးခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ အီကာဒီက ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

"၂၀၁၇-၁၈ ဘောလုံးရာသီရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့တာကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီအကြောင်းအရာကို ကျွန်တော်တစ်ယောက်တည်း သတိရမနေစေချင်ဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့မပါပဲနဲ့ ဒီလိုမျိုး ဖြစ်လာခဲ့မှာ မဟုတ်လို့ပါ" လို့ အီကာဒီက သူ့ရဲ့ အင်စတာဂရမ်ကတဆင့် အသင်းဖော်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အီကာဒီကတော့ အသင်းခေါင်းဆောင် တစ်ယောက်ပီပီ အသင်းသားတွေဆီက ချစ်ခင်လေးစားမှုကို ရယူနိုင်ဖို့ နဲ့ အသင်းသားတွေကြား ပိုပြီးတော့ စည်းလုံးညီညွှတ်လာအောင် အကောင်းဆုံးအနေအထားတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုရတော့မှာပါပဲ။


ဆက်စပ်အကြောင်းအရာများ


Author


က္က