ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ စူပါစတား အီဒင်ဟာဇက်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ စပိန်နာမည်ကျော်သတင်းစာ AS က ဖော်ပြသွားခဲ့ပါတယ်။ စပိန်ရေဒီယိုတစ်ခုဖြစ်တဲ့ Onda Madrid ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး AS က ပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
Photo : Mundo Deportivo
ချယ်လ်ဆီးကတော့ ဟာဇက်ကို အလွယ်တကူ လက်လွတ်ခံသွားမှာမဟုတ်ဘူးလို့ သိရပြီး ဟာဇက်အတွက် ယူရိုသန်း ၁၇၀ခန့် အလိုရှိတယ်လို့ သိရပါတယ်။ ဒီအတွက် ရီးရဲလ်မက်ဒရစ်က ကစားသမာအလိုက်ပေးပြီး ခေါ်ယူဖို့ စဉ်းစားနေကာ ချယ်လ်ဆီးကို အငှားချထားတဲ့ ကွင်းလယ်လူ ကိုဗာဆစ်ကို ဟာဇက်အတွက် အလိုက်ပေးသွားမယ်လို့ သိရပါတယ်။
Photo : Talk Chelsea
ဟာဇက် ကိုယ်တိုင်ကတည်း တစ်နေ့နေ့၊တချိန်ချိန်မှာ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးဖို့ အိပ်မက်ရှိတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဟာဇက်အတွက် ငွေသားချည်းပဲ သက်သက် ရီးရဲလ်မက်ဒရစ်က ယူရိုသန်း ၁၀၀ ပေးချေသွားမှာဖြစ်ပြီး ကစားသမားတစ်ယောက်ကို အလိုက်ပေး သွားမှာဖြစ်ပါတယ်။ ချယ်လ်ဆီးဘက်ကလည်း ကိုဗာဆစ်အစား အဆန်စီယိုကို ခေါ်ယူချင်နေတယ်လို့လည်း အဆိုပါ ရေဒီယိုက ဖော်ပြခဲ့ပါတယ်။
ဒီသတင်းဟာ မနေ့ညက ဝုလ်ဗ်ကို ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်နေခဲ့ရတဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက်တော့ သတင်းဆိုးတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ အသင်းရဲ့ အားအထားရဆုံး တိုက်စစ်ကစားသမားကို ဆုံးရှုံးရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီး အစားထိုးပြန်လည်ခေါ်ယူဖို့ အတွက်လည်း ကစားသမား ရှာဖွေရခြင်းမရှိသေးတာက ချယ်လ်ဆီးရဲ့ အနေအထားအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်လာဖွယ်လည်း ရှိနေပါတယ်။
ချယ်လ်ဆီးမှာ ဘောလုံးရာသီ (၇)ရာသီကြာ ကစားပေးထားတဲ့ ဟာဇက်က ပြိုင်ပွဲစုံစုစုပေါင်း ၃၁၇ ပွဲအထိ ကစားပေးထားပြီး (၉၇)ဂိုးအထိ သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်လည်း ဟာဇက်က ခြေစွမ်းပြနေခဲ့ပြီး ချယ်လ်ဆီးအတွက် မရှိမဖြစ် ကစားသမားလည်း ဖြစ်ပါတယ်။