၂၀၁၈ ကမ္ဘာ့ဖလားပြီးကတည်းက နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝကနေ အနားယူပြီလို့ သတင်းထွက်နေခဲ့ပြီး နည်းပြ စကာလိုနီကတော့ မက်ဆီ ပြန်လာမယ်ဆိုတဲ့ စိတ်ခံစားချက်ကောင်း ရှိနေတယ်လို့ ကိုပါအမေရိက အုပ်စုမဲခွဲပွဲအပြီးမှာ ပြောလာပါတယ်။
အာဂျင်တီးနားအသင်းရဲ့ နည်းပြ လီယွန်နယ် စကာလိုနီကတော့ လာမယ့် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်း လူစာရင်းမှာ မက်ဆီ ပြန်ပါလာမယ်လို့ မျှော်လင့်ပြီး ပျော်ရွှင်နေတယ်လို့ beIN sport သတင်းဌာနက ဖော်ပြထားပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ပြင်သစ်ကိုရှုံးနိမ့်အပြီး နိုင်ငံအသင်းအတွက် ကစားပေးခြင်းကို အနားယူထားသူလည်း ဖြစ်ပါတယ်။
ဒီကြားထဲမှာတော့ နည်းပြစကာလိုနီနဲ့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဟာ မက်ဆီကို လာမယ့် ကိုပါအမေရိက ဖလားပြိုင်ပွဲနဲ့ လာမယ့် မတ်လ ၂၅ ရက်နေ့မှာ ကစားမယ့် ဗင်နီဇွဲလားအသင်းနဲ့ ခြေစမ်းပွဲတွေမှာ ပြန်လည်ပါဝင်ကစားဖို့ အကြိမ်ကြိမ် ညှိုနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ကိုပါအမေရိကဖလား အုပ်စုမဲခွဲမှုတွေကို မနေ့က ပြုလုပ်အပြီးမှာတော့ “ လီယွန်နဲ့ ကျွန်တော်တု့ိ အုပ်စုစာရင်းတွေ ထွက်မလာခင်ကတည်းက စကားပြောထားပြီးပါပြီ။ အုပ်စုအနေအထားအရ ကျွန်တော်တို့ ကိုလံဘီယာ၊ ပါရာဂွေးနဲ့ ဧည့်သည်ကာတာအသင်းတို့နဲ့ ကျရောက်နေပါတယ်။ ဒီအချိန်က ကျွန်တော်တို့ စကားပြောလို့ အကောင်းဆုံးအချိန်ပါပဲ။ သူပြန်လာမယ်လို့မျှော်လင့်ပါတယ်၊ ဒါပေမယ့် အဲ့ဒါထက်ပိုပါတယ်၊ သူ့ကို ပျော်ရွှင်စေချင်တယ်၊ ကျွန်တော်လည်း အခုချိန်မှာ စိတ်ခံစားမှုကောင်ကိုရနေတယ်။” လို့ စကာလိုနီက ပြောခဲ့ပါတယ်။
မက်ဆီအနေနဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဒဏ်ရာ ၂ ကြိမ်ဆက်ရခဲ့ပြီး အကြောင်းကတော့ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ နှစ်ကြိမ်စလုံး ချီလီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အရေးနိမ့်ထားတာပါ။ ၂၀၁၉ ကိုပါအမေရိက ဖလားပြိုင်ပွဲကိုတော့ ဘရာဇီးနိုင်ငံက ဇွန်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၇ ရက်နေ့ အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။