loading...

loading...

loading...

ဆီမီးဖိုင်နယ်ပွဲတွေကို မေလ (၂)ရက်နေ့မှာ ပထမအကျော့ကစားသွားမှာပါ။
Pyae Phyo Thein

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာတော့ ချယ်လ်ဆီးနဲ့ ဖရန့်ဖတ်၊ အာဆင်နယ် နဲ့ ဗလန်စီယာတို့ ရင်ဆိုင်ရမှာ ဖြစ်ပြီး မေလ (၂)ရက်နေ့မှာ ပထမအကျော့၊ ဒုတိယအကျော့ကို မေလ (၉)ရက်နေ့တို့မှာ ကစားသွားမှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို ဒီနေ့မနက်ပိုင်းက ကစားခဲ့ရာမှာ အင်္ဂလန်ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီး နဲ့ အာဆင်နယ်၊ ဗလန်စီယာတို့ နိုင်ပွဲထပ်မံရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ဖရန့်ဖတ်ကလည်း ပထမအကျော့က ရှုံးကြွေးကို အိမ်ကွင်းမှာ ပြန်ဆပ်နိုင်ခဲ့ပြီး ဘင်ဖီကာကို (၂-ဝ)နဲ့ အနိုင်ရကာ ဆီမီးတက်ခဲ့ပါတယ်။

ဆလာဗီးယားပရဂ်ကို အိမ်ကွင်းမှာကစားခဲ့ရပေမယ့် ချယ်လ်ဆီးက ဒုတိယပိုင်းမှာ ကစားပုံဆိုးရွားသွားခဲ့လို့ ဂိုးပြတ်နိုင်ပွဲတော့မရခဲ့ပါဘူး။ ပက်ဒရိုက နှစ်ဂိုး၊ ဂီရော့ဒ်က တစ်ဂိုးနဲ့ ဆလာဗီးယားကစားသမား ကိုယ့်ဂိုးကိုယ်သွင်းတဲ့ဂိုးတွေနဲ့ ပထမပိုင်းမှာ ချယ်လ်ဆီးက (၄-၁)နဲ့ အနိုင်ရရှိနေခခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ဆလာဗီးယားက (၂)ဂိုးပြန်သွင်းခဲ့လို့ ချယ်လ်ဆီး (၄-၃)နဲ့ပဲ အနိုင်ရခဲ့တာပါ။

အာဆင်နယ်ကတော့ အဝေးကွင်းမှာ လာကာဇက်ရဲ့ ကိုက် (၃၀)အကွာက ဖရီးကစ်သွင်းဂိုးနဲ့ နာပိုလီကို အနိုင်ရသွားပါတယ်။ နှစ်ကျော့ပေါင်းရလဒ် (၃-ဝ)နဲ့ အာဆင်နယ်က ဆီမီးဖိုင်နယ်ကို တက်ခဲ့တာပါ။ အမ်မရီကတော့ သူ့ပြောစကားအတိုင်းပဲ နာပိုလီပရိသတ်တွေကို တိတ်ဆိတ်သွားအောင် ပြုလုပ်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားရဲ့ ဘုရင်လို့ တင်စားခံရတဲ့ သူ့ဂုဏ်ပုဒ်ကို ထိန်းထားနိုင်ခဲ့ပါတယ်။

ဘင်ဖီကာကို ပထမအကျော့မှာ (၄-၂)နဲ့ အရေးနိမ့်ခဲ့တဲ့ ဖရန့်ဖတ်က အိမ်ကွင်းမှာ (၂-ဝ)နဲ့ အနိုင်ရခဲ့လို့ အဝေးဂိုးအသာစီးနဲ့ ဆီမီးတက်ခဲ့ပါတယ်။ ကိုစတစ် နဲ့ ရိုဒီတို့က ဖရန့်ဖတ်အတွက် အဖိုးတန်သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပြီး ယာအိုဖီးလစ်ရဲ့ ဘင်ဖီကာအသင်းဟာ ဒုတိယအကျော့မှာ ရင်ကွဲခဲ့ရပါတယ်။ အိမ်ကွင်းမှာ အသာရခဲ့ပေမယ့် အဝေးဂိုးတွေ ပေးခဲ့ရတာက ဘင်ဖီကာအတွက် နောင်တရစရာဖြစ်ခဲ့တာပါ။

ဗလန်စိယာကတော့ အိမ်ကွင်းမှာ ဗီလာရီးရဲလ်ကို (၂-ဝ)နဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း (၅-၁) နဲ့ ဆီမီးဖိုင်နယ်ကို တက်ခဲ့ပါတယ်။ လာတို၊ ပါရီဟို့စ်တို့က အနိုင်ဂိုးတွေ သွင်းပေးခဲ့ပါတယ်။ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာတော့ ချယ်လ်ဆီးနဲ့ ဖရန့်ဖတ်၊ အာဆင်နယ် နဲ့ ဗလန်စီယာတို့ ရင်ဆိုင်ရမှာ ဖြစ်ပြီး မေလ (၂)ရက်နေ့မှာ ပထမအကျော့၊ ဒုတိယအကျော့ကို မေလ (၉)ရက်နေ့တို့မှာ ကစားသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က