မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမားတွေရဲ့ ရန်ပုံငွေပွဲက ပုံတွေကို ကျော်ဖြတ်ပြီး အာစင်ဝင်းဂါးနဲ့ ဇီဒန်းရဲ့ ဓာတ်ပုံက ယခုအပတ်မှာ လူပြောအများဆုံးဓာတ်ပုံဖြစ်လာခဲ့ပါတယ်။ ယင်းဓာတ်ပုံနောက်ကွယ်က အမှန်တရားကို ပရိသတ်တစ်ဦးရဲ့ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်နဲ့ 101greatgoals က ရှင်းလင်းခဲ့ပါတယ်။
ယင်းဖြစ်စဉ်ရဲ့အစဟာ တနင်္ဂလာနေ့က ဘော်ဒိုးမှာ အာစင်ဝင်းဂါးနဲ့ ဇီဒန်းတို့ ၂ ဦး ရန်ပုံငွေပွဲစဉ်တစ်ပွဲမှာ ပါဝင်ကစားခဲ့ရာကနေ အစပြုခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်ကတော့ ယင်းပွဲစဉ်မှာ ပြင်သစ်အားကစားကြယ်ပွင့်တွေအားလုံး ပါဝင်ဆင်နွဲှခဲ့ကြတာဖြစ်ပြီး ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်၊ ပြင်သစ်အသင်းခေါင်းဆောင်ဟောင်း လောရန့်စ်ဘလန့်တို့လည်း ပါဝင်ခဲ့ကြပါတယ်။
လူပြောများနေတဲ့ ဇီဒန်းနဲ့ အာစင်ဝင်းဂါးတို့ရဲ့ဓာတ်ပုံအကြောင်းကို ပြန်စရမယ်ဆိုရင် အာစင်ဝင်းဂါးက လက်ရှိရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကို လိမ်ခေါက်ပြီး ကျော်ဖြတ်သွားတယ်လို့ အားလုံးက ယူဆခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း တကယ့်အမှန်တရားကတော့ အာစင်ဝင်းဂါးက ဇီဒန်းကို ခရိုက်ဖ်နောက်ပြန်လှည့်အကွက်နဲ့ ကျော်ဖြတ်ခဲ့တာမဟုတ်ဘူးဆိုတာကို ယင်းပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ဗီဒီယိုမှတ်တမ်းဖိုင်အရ သိရပါတယ်။
ဗီဒီယိုအစမှာ ဇီဒန်းဟာ ညာဘက်ခြမ်းကနေ တိုက်စစ်ဆင်ဖို့ ကြိုးပမ်းနေတာကို မြင်တွေ့ရပြီး နောက်ဆုံးမှာတော့ တိုက်စစ်ဆင်မှု မအောင်မြင်ခဲ့ဘဲ ဂိုးစည်းအတွင်းမှာရှိနေတဲ့ တစ်ဖက်နောက်ခံကစားသမား အာစင်ဝင်းဂါးဆီကို ဘောလုံးက ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။
အာစင်ဝင်းဂါးက ဘောလုံးနဲ့အတူ ၎င်းရဲ့ပင်နယ်တီဧရိယာအတွင်းကို နောက်ပြန်ပြေးပြီး ဘယ်တောင်ပံဘက်ကနေ ဘောလုံးကို ကန်တင်ဖို့ ကြိုးပမ်းခဲ့ရာမှာ ဇီဒန်းက အနောက်ကနေ ဘောလုံးကို လိုက်လုခဲ့တာဖြစ်ပါတယ်။
အာစင်ဝင်းဂါးအနေနဲ့ အသက်အရွယ်အရရော၊ ဘောလုံးစွမ်းရည်အရပါ ဇီဒန်းကို မလှည့်စားနိုင်ခဲ့ဘဲ ဇီဒန်းက အာစင်ဝင်းဂါးရဲ့ခြေထောက်ထဲက ဘောလုံးကို အလွယ်တကူပဲ လုယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။