ကစားသမားဘဝမှာ ထူးခြားတဲ့ စံချိန်တွေကို ပိုင်ဆိုင်ထားသည့်တိုင် ချန်ပီယံလိဂ် မရဖူးသေးတာက သူ့ အတွက် တစ်ခုတည်းသော လက်ကျန် တိုက်ပွဲပဲလို့ မန်စီးတီး ကစားသမားဟောင်း ရစ်ချက်က သုံးသပ်ခဲ့ပါတယ်။
အက်စတန်ဗီလာအသင်းကို ၆-၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ အသင်းအတွက် ခြေစွမ်းပြပြီး ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ အဂူရိုက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး နိုင်ငံခြားသား ကစားသမား ဖြစ်လာခဲ့ပါပြီ။
အလားတူ ဟက်ထရစ်ကိုလည်း ၁၂ ကြိမ် အထိ ရယူကာ နယူးကာဆယ် ဂန္တဝင်တိုက်စစ်မှူးကြီး အလန်ရှီးယား ထက်လည်း ဟက်ထရစ်အကြိမ်ရေ ပိုများသွားခဲ့ပြီ ဖြစ်ပါတယ်။
၂၀၁၁ မှာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ မန်စီးတီးကို ရောက်ချိန်ကတည်းက အဂူရိုက ထိပ်တန်း ကစားသမားတစ်ဦးအဖြစ် ဥရောပ ကလပ်အသင်းတွေကြား ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ဖြတ်သန်းလာတဲ့ သမိုင်းတစ်လျှောက်မှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်သလို ၂၀၁၂ ခုနှစ်ကတော့ မမေ့နိုင်စရာ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီတုန်းက ကျူပီအာအသင်းကို သူ့ရဲ့ နောက်ကျ အနိုင်ဂိုးနဲ့အတူ မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။
အဂူရိုအနေနဲ့ လက်ရှိအချိန်မှာ ကြီးကျယ်ခမ်းနားတဲ့ စံချိန်ကောင်းတွေ ပိုင်ဆိုင်နေသည့်တိုင် မက်ဆီနဲ့ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဥ်ဖော်ပြခံရဖို့ဆိုရင် ဥရောပ အောင်မြင်မှုတော့ ရဖို့ လိုသေးတယ်လို့ မန်စီးတီး ကစား သမားဟောင်း မီကာ ရစ်ချက်က ထောက်ပြခဲ့ပါတယ်။
“အသက် ၃၁ နှစ်အရွယ်က အနားယူရဖို့ နီးနေပါပြီ။ဒါကြောင့် သူ့ကို အနားမယူခင်မှာ ချန်ပီယံလိဂ် အောင်မြင်မှုတော့ အသင်းနဲ့အတူ မြင်ချင်ပါသေးတယ်။ဘာလို့လဲဆိုတော့ သူ့ဘဝမှာ လိုအပ်နေတာဆိုလို့ ဒီတစ်ခုပဲ ရှိတော့တာကြောင့်ပါ။”လို့ ရစ်ချက်က ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် ချန်ပီယံလိဂ်အောင်မြင်မှု ရခြင်းမရခြင်းက အဂူရို ဘာဆိုတာကို ထောက်ပြလိမ့်မယ်လို့လည်း ရစ်ချက် ကပြောခဲ့ပါသေးတယ်။
အဂူရိုအနေနဲ့ ဒီနှစ်မှာ မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်လှမ်းထားနိုင်တယ်ဆိုပေ မယ့် ချန်ပီယံလိဂ်မှာ ၁၃ ကြိမ်အထိ ရယူပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတဲ့ ရီးရဲနဲ့ တွေ့ဆုံနေလို့ ခက်ခဲမယ့် စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။