မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုဖို့ ပြင်ဆင်နေတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းဖော် အီဒင်ဟာဇက်ဟာ မက်ဒရစ်မှာ ရောက်နေပြီးသားဖြစ်ကြောင်း ဟာသဖောက်ခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ နောက်ဆုံးမှာ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ချယ်ဆီးအသင်းဟာ ထပ်ဆောင်းပေးချေမှုတွေကြောင့် ဟာဇက်အတွက် ပေါင်သန်း ၁၃၀ အထိ ရရှိမယ်လို့ သိရပါတယ်။
ချယ်ဆီးအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ ၂ သင်းစလုံးဟာ အီဒင်ဟာဇက်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကြေညာမှု မပြုလုပ်သေးပေမယ့် မကြာမီအချိန်အတွင်း ကြေညာသွားတော့မယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းက လက်ရွေးစင်အသင်းဖော် ဟာဇက်အနေနဲ့ ၎င်းရဲ့စိတ်ကို ပြောင်းလဲမှာမဟုတ်ကြောင်း ဘယ်လ်ဂျီယံအသင်းရဲ့ Live ဗီဒီယိုထဲမှာ ဟာသဖောက်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း အင်စတာဂရမ်အကောင့်ကနေ Live လွှင့်နေတဲ့ဗီဒီယိုမှာ ပရိသတ်တစ်ဦးက အီဒင်ဟာဇက် ဘယ်မှာလဲဆိုတဲ့မေးခွန်းကို မေးမြန်းခဲ့ပြီး ဟာဇက်ရဲ့လက်ရွေးစင်အသင်းဖော် ဒီဘရိုင်းက ရယ်ရယ်မောမောနဲ့ ဟာသဖောက်ပြီး ပြန်ပြောခဲ့တာဖြစ်ပါတယ်။
“မက်ဒရစ်မှာပေါ့။ သေချာပါတယ်”လို့ ဒီဘရိုင်းက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
အီဒင်ဟာဇက်ဟာ ချယ်ဆီးအသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ယူရိုပါလိဂ်ဖလားကို ရရှိအောင် ကူညီပေးခဲ့ပြီးနောက် ချယ်ဆီးအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ ဟာဇက်က ယင်းပွဲစဉ်အပြီးမှာပဲ ၇ နှစ်ကြာ ကစားခဲ့တဲ့ ချယ်ဆီးအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။