အီဂျစ်လက်ရွေးစင်ကြယ်ပွင့် မိုဟာမက်ဆာလာဟာ တောင်အာဖရိကနဲ့ ၁၆ သင်းအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ ၂ ရက်အလိုမှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်ကို အအေးမိဝေဒနာကြောင့် လွဲချော်ခဲ့တယ်လို့ Reuters ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အီဂျစ်ဘောလုံးအဖွဲ့ချုပ်က မိုဟာမက်ဆာလာနဲ့ ပတ်သက်ပြီး တွစ်တာကနေတဆင့် ထုတ်ပြန်ကြေညာခဲ့ရာမှာ နည်းပြ ဇေးဗီးယားအဂီရာက အခြေအနေ ပိုဆိုးမသွားစေဖို့အတွက် လေ့ကျင့်ရေးမပြုလုပ်ရန် ညွှန်ကြားခဲ့တာဖြစ်ကြောင်း ဖော်ပြထားပြီး နောက်ထပ် အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။
မိုဟာမက်ဆာလာဟာ အီဂျစ်အသင်းအတွက် အာဖရိကဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာ ၃ ပွဲကစားခဲ့ရာမှာ ၂ ဂိုးသွင်းယူထားတဲ့ ကစားသမားဖြစ်ပြီး ပြိုင်ပွဲရဲ့ နာမည်အကြီးဆုံး ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။
အာဖရိကဖလားအိမ်ရှင် အီဂျစ်အသင်းဟာ အုပ်စုအဆင့်မှာ ရှုံးပွဲမရှိ၊ ပေးဂိုးမရှိဘဲ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရတယ်လို့ သိရပါတယ်။
အီဂျစ်ပရိသတ်တွေက လက်ရှိအီဂျစ်အသင်းဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ၃ ကြိမ်ဆက်တိုက် အောင်မြင်မှုရရှိခဲ့တဲ့ အီဂျစ်အသင်းရဲ့ အရိပ်မိုးခြင်းခံနေရတယ်လို့ ခံစားနေရကြောင်း Reuters က ဖော်ပြခဲ့ပါတယ်။
အီဂျစ်အသင်းဟာ လာမယ့်ဇူလိုင်လ ၇ ရက်နေ့မှာ တောင်အာဖရိကအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ မိုဟာမက်ဆာလာသာ တောင်အာဖရိကအသင်းနဲ့ ပွဲစဉ်ကို ပါဝင်ကစားပေးနိုင်ခြင်းမရှိဘူးဆိုရင် အာဖရိကဖလားချန်ပီယံ ၇ ကြိမ်ဖြစ်ခဲ့တဲ့ အီဂျစ်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာမှာ ဖြစ်ပါတယ်။