အာဆင်နယ် ၂ - ၀ နာပိုလီ

ပထမပိုင်းမှာရရှိခဲ့တဲ့ သွင်းဂိုး ၂ဂိုးနဲ့ အာဆင်နယ်အသင်းက အနိုင်ရခဲ့တာ ဖြစ်ပြီး ဒု-ကျော့ကိုတော့ လာမယ့် ဧပြီ ၁၉ မှာ ဆက်လက်ကစားပါမယ်။

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ပွဲစဉ် မှာတော့ အိမ်ရှင် အာဆင်နယ်အသင်းက ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။



အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းခေါင်းဆောင် ကိုစီရယ်နီ ပြန်ပါ လာခဲ့သလို အဖျားဝေဒနာကြောင့် ပရီးမီးယားလိဂ် ၂ ပွဲလောက် ပွဲထွက်ခွင့်မရခဲ့တဲ့ အူဘာမီယန်းလည်း ပွဲထွက် ပါဝင်လာခဲ့ပါတယ်။

ပွဲစတာနဲ့ အာဆင်နယ်အသင်းက အိမ်ရှင်ပီပီ တရစပ် တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန် ၁၅ မိနစ်မှာတော့ အဖွင့် ဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကတော့ အာဆင်နယ်အသင်းရဲ့ တွဲလုံးတွေကို ချီးကျူးရမှာပဲ ဖြစ်ပါတယ်။

အိုးလ်ဇေး၊မစ်ရ်လန်း၊လာကာဇက်တီအတွဲကနေ ရမ်ဆေးက သွင်းယူခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး အာ ဆင်နယ် အသင်း ဆက်လက် ဖိအားပေးလာပြန်ခဲ့ရာ ၁၀ မိနစ်အကြာမှာတော့ ကွင်းလယ်လူ တော်ရဲရားက ဘယ်ခြေနဲ့ အပြင်းကန်သွင်းရာ နာပိုလီနောက်ခံလူ ကောင်လီဘလီနဲ့ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားလို့ အာဆင်နယ်အသင်း ဒုတိယဦးဆောင်ဂိုးရခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ ကစားထားသမျှ နောက်ဆုံး အိမ်ကွင်း ၁၇ ပွဲမှာတစ်ပွဲ သာရှုံးထားတဲ့အထိ အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းမွန်ခဲ့တာပါ။

နာပိုလီအသင်းကတော့ အင်္ဂလန်အသင်းတွေကို အဝေးကွင်းလိုက်ပါကစားတိုင်း နိုင်ပွဲမရပဲ ရှုံးပွဲတွေသာ များစွာတွေ့ကြုံထားရတဲ့ အစဉ်အလာဆိုးကိုလည်း ဒီတစ်ကြိမ်မှာ ချေဖျက်ခဲ့နိုင်ခြင်းမရှိပေ။

အခုလို အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ နာပိုလီအသင်းနဲ့တွေ့ဆုံကစားရတာ သူတို့ ၂သင်းအတွက်တော့ အာဆင်နယ်ကွင်းမှာ ဒုတိယအကြိမ်မြောက် ထပ်မံ ရင်ဆိုင်တာ ဖြစ်ပြီး ၂၀၁၃ ခုနှစ်တုန်းက ချန်ပီယံလိဂ် အုပ်စုတွင်းမှာလည်း အာဆင်နယ်အသင်းက နာပိုလီအသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ပင် အနိုင်ယူထားတာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒု-ကျော့ကိုတော့ လာမယ့် ဧပြီ ၁၉ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲမှာပဲ နာပိုလီ အသင်းရဲ့အိမ်ကွင်းမှာ ပြန်ကစားပါမယ်။


ပထမအကျော့ရဲ့ အခြားသော ပွဲစဉ်တွေမှာတော့ ဘင်ဖီကာအသင်းက ဖရန့်ဖတ်အသင်းကို ၄-၂ ဂိုးနဲ့လည်း ကောင်း၊ချဲလ်ဆီးအသင်းက အဝေးကွင်းမှာ ဆလားဗီးယားပရာဂါကို ၁-၀ ဂိုးနဲ့လည်းကောင်း၊ ဗလင်စီယာအသင်းကလည်း ဗီလာရီးရဲအသင်းကို အဝေးကွင်းမှာပင် ၃-၁ ဂိုးနဲ့ လည်းကောင်း အသီးသီး အနိုင်ရခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က