အိမ်ကွင်းမှာ သရေကျခဲ့တဲ့ ဘာစီလိုနာအတွက်တော့ ဘာနေဗျူးမှာ ကစားရမယ့် ဒုတိယအကျော့ပွဲက ဖိအားတွေ ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ကတော့ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ နူးကမ့်မှာ ကစားခဲ့ရပေမယ့် ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်မယူနိုင်ခဲ့ပဲ မယ်လ်ကွန်ရဲ့ ချေပဂိုးကြောင့်သာ အိမ်ကွင်းမှာ သရေရရှိခဲ့တာဖြစ်ပြီး ဒုတိယအကျော့မှာ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာမှာ မက်ဆီမပါဝင်တာကလွဲလို့ အဓိကကစားသမားအစုံအလင် ပါဝင်ခဲ့ပြီး ရီးရဲလ်ကလည်း ဘေးလ် မပါဝင်ခဲ့ပဲ ကျန်အဓိကကစားသမားတွေ ပါဝင်ခဲ့လို့ ဒီပွဲအပေါ်မှာ နှစ်သင်းစလုံးက အင်ပြည့်အားပြည့်နဲ့ ကြိုးစားကစားခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ (၆)မိနစ်မှာ ဗင်နီရှပ်စ်နဲ့ ဘန်ဇီမာတို့ရဲ့ ပါးပါးနပ်နပ် ပူးပေါင်းမှုကနေ လူးကပ်စ်ဗက်ကွက်ဇ်က အနီးကပ်ပိတ်သွင်းပြီး ရီးရဲလ်အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။
ချေပဂိုးရဖို့ ကြိုးစားနေခဲ့ရင်း မယ်လ်ကွန် ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာက ဘာစီလိုနာအတွက် နစ်နာခဲ့ရပါတယ်။ ရီးရဲလ်ကတော့ ဗင်နီရှပ်စ်ရဲ့ ဘယ်တောင်ပံဘက်ကနေ အဓိကထားထိုးဖောက်ခဲ့ပြီး ဗင်နီရှပ်စ်ကလည်း ဧရိယာအတွင်း ဘောလုံး
ပေးပို့မှု ကြိမ်ဖန်များစွာ ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘာစီလိုနာက ဆက်တိုက်တိုက်စစ်ဆင်ကစားခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း (၅၇)မိနစ်မှာ ရီးရဲလ်နောက်တန်း ဖျက်ထုတ်မှုကတဆင့် ရရှိခဲ့တဲ့ ဘောလုံးကို မယ်လ်ကွန်က အပြင်းကန်သွင်းယူပြီး ဘာစီလိုနာအတွက် ချေပဂိုးရယူပေးခဲ့ပါတယ်။ ဒီနောက်မှာ ဘာစီလိုနာဘက်က မက်ဆီပါဝင်လာခဲ့ပြီး အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။
လက်ကျန်မိနစ်တွေမှာ နှစ်သင်းစလုံး ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပဲ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အိမ်ကွင်းမှာ သရေကျခဲ့တဲ့ ဘာစီလိုနာအတွက်တော့ ဘာနေဗျူးမှာ ကစားရမယ့် ဒုတိယအကျော့ပွဲက ဖိအားတွေ ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒုတိယအကျော့ကိုတော့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့မှာ ကစားသွားမှာလည်း ဖြစ်ပါတယ်။