ဂျူဗီကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

အေစီမီလန်အနေနဲ့ သူ့ကိုရာသီအစကတည်းကသာ ခေါ်ယူခဲ့မယ်ဆိုရင် စကူဒတ်တိုဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ဂျူဗင်တပ်စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ တိုက်စစ်မှူးကြီးဇလာတန်က နောက်ပြောင်ပြောဆိုလိုက်ပါတယ်။ ဂျူဗီရဲ့ နှစ်ဂိုးပြတ်ဦးဆောင်မှုကိုခံခဲ့ရတဲ့ အေစီဟာ ဇလာတန်ရဲ့သွင်းဂိုးနဲ့ ဖန်တီးမှုကြောင့် ချေပဂိုးတွေဆက်တိုက်ရရှိခဲ့ပြီး အနိုင်ဂိုးတွေထပ်သွင်းကာ အဖိုးတန် ၃ မှတ်ရရှိခဲ့ပါတယ်။ 

အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ အေစီမီလန်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၁၃ပွဲကစားပေးထားကာ ၆ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဂျူဗီနဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီးနောက် ဇလာတန်က သူ့ခြေစွမ်းအပေါ် ကျေနပ်နေပြီး အရွှန်းဖောက်ပြောဆိုသွားခဲ့ပြီး အသင်းဥက္ကဌကလည်း သူပဲလို့ ထပ်မံနောက်ပြောင်ခဲ့ပါသေးတယ်။ 

"တကယ်လို့သာ ရာသီအစကတည်းက သူတို့ကျွန်တော့်ကို ခေါ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေ စီးရီးအေအမှတ်ပေးဖလားကို ရယူနိုင်မှာပါ" လို့ ဇလာတန်က DAZN ကို ပြောဆိုခဲ့ပါတယ်။ အသင်းဖော်တွေရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးလို့ ချီးကျူးခံခဲ့ရတဲ့ ဇလာတန်က "အသင်းမှာ ကျွန်တော်ပဲ ဥက္ကဌ၊ ကျွန်တော်ပဲ နည်းပြနဲ့ ကစားသမားဖြစ်နေတာပါ၊ ဒါပေမယ့် သူတို့က ကစားသမားလစာပဲပေးနေတယ်" လို့ နောက်ပြောင်သွားခဲ့ပါတယ်။ 

ဇလာတန်ဟာ ရာသီကုန်မှာ အေစီမီလန်နဲ့ စာချုပ်သက်တမ်းပြည့်ဝတော့မှာဖြစ်ပါတယ်။ သူ့ရဲ့စာချုပ်သစ်နဲ့ပတ်သက်ပြီး "နောက်တစ်လလောက်ရှိပါသေးတယ်၊ ဘာတွေဖြစ်လာမလဲကြည့်ကြတာပေါ့၊ ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့အရာတွေလည်း ရှိနေပါတယ်၊ ပရိသတ်တွေမပါဘဲ ကစားရတာ စိတ်မကောင်းစရာဖြစ်ပြီး ထူးခြားတဲ့အခြေအနေပါပဲ၊ ကိုယ့်အလုပ်ကိုယ် ကျွန်တော်တို့လုပ်ခဲ့ပြီး ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေပါ"

"မီလန်မှာ ကျွန်တော်နေတာကို နောက်ဆုံးတွေ့ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်" လို့ ဇလာတန်က ထပ်ပြောခဲ့ပါတယ်။ အေစီမီလန်ကတော့ နောက်ပွဲအဖြစ် နာပိုလီနဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 


Author


က္က