အီတလီစူပါဖလားပွဲမှာ သွင်းယူပေးခဲ့တာပါ။
Pyae Phyo Thein

ရော်နယ်ဒိုရဲ့ သွင်းဂိုးက ဂျူဗင်တပ်စ်ကို အီတလီစူပါဖလား (၇)ကြိမ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ရော်နယ်ဒိုအတွက်လည်း ပထမဆုံးဆုဖလားကို ဂျူဗီနဲ့အတူ ရရှိခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ သွားရောက်ကစားခဲ့တဲ့ အီတလီစူပါဖလားဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အေစီမီလန်ကို အနိုင်ရရှိခဲ့ပြီး ဆုဖလားဆွတ်ခူးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျူဗီက ပြည်တွင်းဖလား (၂)လုံးရရှိခဲ့တာဖြစ်လို့ ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ အေစီမီလန်နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။



အေစီမီလန်အသင်းမှာ တိုက်စစ်မှူး ဟီဂူအင် မပါဝင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်ကတော့ အဓိကကစားသမားအားလုံး ပါဝင်ခဲ့ပြီး အေစီမီလန်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အနိုင်ဂိုးကိုတော့ ပွဲချိန် (၆၁)မိနစ်မှာမှ ရရှိခဲ့တာဖြစ်ပြီး ပီယာနစ်ရဲ့ ဖန်တီးပေးမှုကို ရော်နယ်ဒိုက သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်အနေနဲ့ ဂျူဗီခံစစ်ကို ထိရောက်တဲ့ အန္တရာယ်ပေးမှုမျိုး မပြုလုပ်နိုင်ခဲ့ပဲ အရေးနိမ့်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ အေစီကွင်းလယ်လူ ကက်ဆီ အနီကတ်ပြ ထုတ်ပယ်ခံရလို့လည်း ပွဲက ပြီးသလောက်ရှိခဲ့ပြီး ဂျူဗီက အနိုင်ဂိုးကို ထိန်းကာ ဆုဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။ အီတလီစူပါဖလားကို ဂျူဗင်တပ်စ်က (၇)နှစ်ဆက်တိုက် ရရှိခဲ့မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်ဒိုဟာလည်း ဂျူဗီနဲ့အတူ ဆုဖလားတစ်လုံးကို ပထမဆုံးအကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အနိုင်ဂိုးနဲ့ ရရှိခဲ့တာဖြစ်လို့လည်း ရော်နယ်ဒိုအတွက် ချိုမြိန်တဲ့ ဆုဖလားတစ်လုံး ဖြစ်လာခဲ့ပါတယ်။ အရေးပါတဲ့ ပွဲကြီးပွဲကောင်းတွေမှာ အဆုံးအဖြတ်ဂိုးသွင်းယူပေးနိုင်တဲ့ အလေ့အထကိုလည်း ရော်နယ်ဒိုက ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ကတော့ ဒီရာသီမှာလည်း ပြည်တွင်းဖလားအားလုံးကို သိမ်းပိုက်နိုင်မယ့် အနေအထားမှာ ရှိနေပြီး စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေသလို ကိုပါအီတာလီယာပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်

ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က