ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို စကားလုံးနဲ့ အနိုင်ယူခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးသမား ဂျန်အော့ဘလက်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်နဲ့အတူ ဟိုဆေးဂျီမီနက်ဇ်၊ ဒီယေဂို ဂိုဒင်တို့ရဲ့သွင်းဂိုးတွေနဲ့ အိမ်ကွင်း ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီက ရီးရဲမက်ဒရစ်အသင်းကနေ တူရင်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် စပိန်ကို ပထမဆုံးအကြိမ် ပြန်လည်လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရပေမယ့်လည်း ရော်နယ်ဒိုက မက်ဒရစ်မြို့ကနေ ဒီအတိုင်း ထွက်ခွာလိုခြင်းမရှိခဲ့ပါဘူး။ ပွဲအပြီး Mixed Zone ကို သွားတဲ့လမ်းမှာ ရော်နယ်ဒိုက အက်သလက်တီကိုမက်ဒရစ်အသင်းကို နာလိုခံခက်ဖြစ်စေမယ့်စကားကို ပြောဆိုခဲ့ပြီး မရရတဲ့နည်းနဲ့ အနိုင်ပိုင်းသွားခဲ့ပါတယ်။
“ကျွန်တော် ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ရရှိခဲ့တယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ တစ်ခုမှမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။