အီတလီစီးရီးအေကလပ် တိုရီနိုအသင်းပရိသတ်တွေစီးနင်းလာတဲ့ ဘတ်စ်ကားကို ပြိုင်ဖက် ဘိုလော့ဂ်နာပရိသတ်တွေက ခဲတွေနဲ့ပစ်ပေါက်တိုက်ခိုက်မှုတစ်ခု စနေညကဖြစ်ပွားခဲ့ပါတယ်။ တိုရီနိုအသင်းက လာဇီယိုနဲ့ကစားမယ့်ပွဲကို အားပေးဖို့ ရောမမြို့ကိုအလာလမ်းမှာ တိုက်ခိုက်ခံခဲ့ရတာပါ။
အီတလီစီးရီးအေပွဲစဉ်တွေမှာ နေ့စဉ်နဲ့အမျှအကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေ ပိုမိုများပြားလာနေပြီး အီတလီဘောလုံးလောကအတွက် အရှက်ရစရာဖြစ်နေရပါတယ်။ အခုလည်း စနေညမှာ ကစားမယ့် စီးရီးအေပွဲစဉ်တွေမတိုင်ခင်မှာ အကြမ်းဖက်တိုက်ခိုက်မှုမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။
တိုရီနိုအသင်းနဲ့ လာဇီယိုအသင်းတို့ ကစားမယ့်ပွဲကို အားပေးဖို့ ရောမမြို့ကိုသွားနေတဲ့ တိုရီနိုအသင်းပရိသတ်တွေပါဝင်တဲ့ ဘတ်စ်ကားကို ပြိုင်ဖက် ဘိုလော့ဂ်နာအသင်းပရိသတ်တွေက ခဲနဲ့ပစ်ပေါက်တိုက်ခိုက်ခဲ့တာပါ။ တကယ်တော့ ဒီဖြစ်စဉ်ဟာ ကြိုတင်ကြံစည်ထားမှုဖြစ်ပြီး ဆိုးရွားတဲ့အပြုအမူလို့ ရောမမြို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
တိုရီနိုပရိသတ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဘိုလော့ဂ်နာပရိသတ်တွေဟာ နာပိုလီနဲ့ကစားရမယ့် အသင်းပွဲစဉ်အတွက် နေပယ်လ်မြို့ကို သွားနေစဉ်လမ်းမှာ တွေ့ဆုံခဲ့တဲ့ တိုရီနိုပရိသတ်တွေကို တိုက်ခိုက်ခဲ့တာပါ။ ဘိုလော့ဂ်နာပရိသတ်တွေရဲ့တိုက်ခိုက်မှုကြောင့် ဘတ်စ်ကားပြတင်းမှန်အချို့ပျက်စီးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းကလည်း နာပိုလီနောက်ခံလူ ကူလီဘာလီကို အင်တာမီလန် ပရိသတ်တွေက လူမျိုးရေးခွဲခြားမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။
အီတလီစီးရီးအေ ပရိသတ်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာကျော်ဘောလုံးသမားတွေကလည်း ပြစ်တင်ရှုတ်ချနေကြပြီး ရပ်တန့်ဖို့အတွက် ဖိအားပေးနေပါတယ်။ လူမျိုးရေးခွဲခြားခဲ့တဲ့ အင်တာမီလန်ပရိသတ်တွေကို ဂျုဗင်တပ်အသင်းရဲ့ကမ္ဘာကျော်ကစားသမား ရော်နယ်ဒိုကလည်း သတိပေးစကားပြောကြားထားပါတယ်။ အီတလီစီးရီးအေပွဲစဉ်တွေမှာ အကြမ်းဖက်မှုတွေလျော့ကျဖို့အတွက် လာမယ့်ရက်ပိုင်းအတွင်းမှာ ကလပ်အသင်းတွေတွေ့ဆုံဆွေးနွေးဖို့လည်းရှိနေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။